#LocalNews

Published - 29 Dec 2021

 

မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ မောင်းနှင်လာသည့် AD VAN ခရီးသည်တင် မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် နိုင်ဦး(ခ)မောင်နိုင်(၄၁)နှစ်နှင့် ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး(၂၉)နှစ် တို့ ၂ ဦး သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၀ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group