#LocalNews

Published - 28 Dec 2021

 

ပူတာအိုဒေသရှိ ကလေးငယ်များနှင့် ဝေးလံခေါင်ဖျားကျေးရွာများရှိ ဒေသခံများအတွက် အနွေးထည်အဝတ်အစားလိုအပ်မှုတွေရှိနေသေးတယ်လို့ ပူတာအိုဒေသခံပရဟိတသမားဖြစ်သူ ကိုဆန်လုရမ်ဆိန်းက ပြောပါတယ်။

ယခုကာလဟာ ရာသီဥတုအလွန်ချမ်းအေးသည့်ကာလဖြစ်သည့်အတွက် ကလေးငယ်အများအပြားအတွက် အနွေးထည်တွေကို လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

"ဒီဘက်ဒေသတွေက အခုကာလမှာအရမ်းအေးတယ်လေ။ ရေခဲတောင်တွေနဲ့နီးတော့ အအေးကပိုတာ ပေါ့။
အဓိကက ဒေသခံကလေးငယ်တွေအတွက် အနွေးထည်အဝတ်အစား ကောင်းကောင်းလိုတာပေါ့။
ပြောရရင် ဒီဘက်ဒေသတွေက ဆင်းရဲချို့တဲ့သူများတယ် ။ ဟိုတလောကဆိုရင် ကိုဝေဠုကျော် ဖောင်ဒေးရှင်းကနေ ကလေးအနွေးထည်တွေကို လှူဒါန်းပေးလိုက်တာရှိပါတယ်။ အဲ့ဒါကလည်း ရရချင်းမှာပဲဝေလို့ကုန်ပြီ ။ မရလိုက်တဲ့ ကလေးတွေလည်းရှိတယ် ။
ကျွန်တော်ကတော့ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး အတတ်နိုင်ဆုံး အနွေးထည်တွေရရှိအောင် စီစဉ်ဆောင်ရွက်နေပါတယ်။"လို့ ကိုဆန်လုရမ်ဆိန်း က ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

 

ဒါ့အပြင် အနွေးထည်အသစ်ကလေးများရလို့ ပျော်ရွှင်နေကြသည့် ပူတာအိုဒေသခံကလေးငယ်များ၏ ဓါတ်ပုံများကိုလည်း ကိုဆန်လုရမ်ဆိန်းက ၄င်း၏ဖေ့ဘုတ်စာမျက်နှာမှာ မျှဝေခဲ့တာပါ။

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသဟာ ဝေးလံခေါင်ဖျားသည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်တွင် တောင်ယာလုပ်ငန်းများမကောင်းခြင်း၊ ခရီးသွားဝင်ရောက်မှုနည်းပါးခြင်းနှင့် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်အချို့ ကြောင့် အဆိုပါဒေသရှိ ဝေးလံခေါင်ဖျားကျေးရွာများတွင် နေထိုင်ကြသူဒေသခံတိုင်းရင်းသားများ မိသားစုစီးပွားရေးဝင်ငွေကျဆင်းမှုတွေကို ကြုံနေရတာဖြစ်တယ်လို့ ဒေသခံများရဲ့ ပြောပြမှုအရ သိရပါတယ်။

 

ထို့အပြင် ယခုနှစ်ပိုင်းတွေအတွင်းမှာ ပူတာအိုဒေသရှိ အချို့သောကျေးရွာများတွင် စားနိပ်ရိက္ခာလိုအပ်မှုတွေ ဆေးဝါးလိုအပ်မှုတွေနဲ့ အနွေးထည်အဝတ်အစားလိုအပ်မှုတွေရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံလူမှုကူညီရေးဆောင်ရွက်သူများက ဆိုပါတယ်။

#Yangon_Media_Group