#LocalNews

Published - 28 Dec 2021

 

လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းမှာ ပဋိပက္ခပိုကြာသွားစေနိုင်ကြောင်း ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုမြွတ်ကြားလိုက်သည်။

 

"ပစ်ခတ်တိုက်ခိုက်ခြင်းမပြုကြရန် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ကျွန်ုပ်တောင်းဆိုလိုပါသည်။ မြန်မာ့တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများရှိရာသို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ၊ ဘုရားကျောင်းများ၊ ဆေးခန်းများကို ဖျက်ဆီခြင်းတို့ကို ရပ်တန့်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကျွန်ုပ်တိုက်တွန်းပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအနေဖြင့်လည်း လက်နက်ကိုင်ဖြေရှင်းသည့်နည်းလမ်းမှာ ပဋိပက္ခိကို မဖြေရှင်းဘဲ ပို၍သာ ကြာရှည်သွားစေပြီး လူအများပိုမိုသေဆုံးခြင်း၊ ငတ်မွတ်ခြင်း၊ ကလေးသူငယ်များ ပညာရေးဆုံးရှုံးခြင်း၊ နိုင်ငံ၏ စီးပွားရေးနှင့် ကျန်းမာရေးစနစ် ထိခိုက်ခြင်းတို့ကိုသာ ဖြစ်ပေါ်စေကြောင်းကို သတိရစေလိုပါသည်။"ဟု မြွတ်ကြားထားခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့က ကယား(ကရင်နီ)ပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်းရှိ မိုဆိုကျေးရွာတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည့်အတွက် ကြေကွဲကြောင်းနှင့် အဆိုပါလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ မြွတ်ကြားစကားတွင် ဖော်ပြထားသည်။

 

ခရစ်စမတ်အကြိုနေ့တွင်လည်း ကရင်ပြည်နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ပြည်သူထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်၍ အိမ်နီးနားချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း၊ချင်းပြည်နယ်ရှိ ထန်တလန်မြို့မှာလည်း အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခံခဲ့ကြောင်း၊ နိုင်ငံ၏ အခြားသော နေရာဒေသအတော်များများတွင်လည်း အလားတူ တိုက်ခိုက်ဖျက်ဆီးခြင်းမျိုး ခံခဲ့ရကြောင်း ဖော်ပြထားသည်။

 

"ဤအဖြစ်ဆိုးများသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ စစ်မှန်သောငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းနှင့် လွတ်လပ်ခြင်းကို မည်သည့်အချိန်တွင်မှ ကျွန်ုပ်တို့ခံစားရမည်နည်း။ ကျွန်ုပ်တို့အချင်းချင်း သတ်ဖြတ်နေကြသည့်လုပ်ရပ်များမှာ မည်သည့်အချိန်တွင်ရပ်တန့်မည်နည်း။ ညီအစ်ကို မောင်နှမချင်း သတ်ဖြတ်ကြခြင်းကြောင့် ကျွန်ုပ်တို့၏ ပြဿနာများပြေလည်သွားမည်မဟုတ်ပေ။ဤပြဿနာများကို လက်နက်ကိုင်သည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ"ဟုလည်း ကာဒီနယ်ချားလ်စ်ဘို၏ မြွတ်ကြားစကားတွင် ဖော်ပြထားသည်။

#Yangon_Media_Group