#LocalNews

Published - 27 Dec 2021

 

ကရင်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာစစ်ဘေးရှောင်လူဦးရေ ၅,၀၀၀ကျော်သွားပြီဖြစ်တယ်လို, ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ(AAC)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီဇင်ဘာလ ၁၅ ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံဘက်သို့ခိုလှုံလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၅,၀၀၀ကျော်အထိ ရှိလာတာဖြစ်တယ်လို့ AAC ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ကိုရဲမင်းက ပြောပါတယ်။

 

"ထိုင်းနိုင်ငံဘက်ခြမ်းမှာ လာရောက်ခိုလှုံသော စစ်ရှောင်များစုပေါင်းထားတဲ့ မယ့်ကုတ်ကင်းနွားခြံမှာလူဦးရေ ၅,၀၀၀ ကျော်သွားပါပြီ စခန်းတာဝန်ခံအဖွဲ့နှင့် AAC အဖွဲ့ပူးပေါင်းပြီး စခန်းထဲမှာပဲ ထမင်းပေါင်းဖိုများဖြင့် ချက်ပြုတ်ကျွေးမွေးနေပါတယ် ထိုင်းရောက်မြန်မာများ၏ လှူဒါန်းမှုများ
ဖြင့် AAC က ရိက္ခာအသုံးအဆောင်ပစ္စည်းစုံ ကုန်တင်ဟိုင်းလပ်ကား 8 စီးစာ ပို့ဆောင်ထားပြီးဖြစ်သလို အရေးပေါ်ပစ္စည်းအချို့ဝယ်ယူရန် ဘတ်ငါးသောင်း လှူဒါန်းထားပြီး ယနေ့လည်း ကားတစ်စီးစာပစ္စည်းများ ကားတင်နေပါပြီ"လို့ ကိုရဲမင်းကပြောပါတယ်။

 

စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းနိုင်ငံကလည်း ခိုလှုံခွင့်ပြုနေသလို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအရေးလှုပ်ရှားနေတဲ့ လူမှုအဖွဲ့အစည်းတွေကလည်း အစားအသောက်နဲ့ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ကူညီနေပြီး လေးကေ့ကော်ဒေသတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေဟာ ယခုရက်ပိုင်းမှာ များပြားလာတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-ရဲမင်း(AAC)

#Yangon_Media_Group