#LocalCrime  

Published - 25 Dec 2021

အင်းစိန်ခုံးတံတားပေါ်တွင်ရွှေများလုယက်ခဲ့မှုမှပါဝင်သူ များအား ငွေကြေး၊ ရွှေထည်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ တယ်လို့ဒီဇင်ဘာ ၂၄ ရက်တွင် နစက ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ကအင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေသည် ဇနီးဒေါ်သူဇာအေး၊ သားဖြစ်သူ မောင်မောင်သက်ခိုင်တို့နှင့်အတူ ၎င်း၏ ရွှေဆိုင်မှ နေအိမ်သိုပြန်လာခဲ့ရာ အင်းစိန်မြို့နယ်  လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးတံတားပေါ် တံတားအလယ်သို့ရောက်ရှိစဉ် အငှားယာဉ် YGN-5F/7939 Probox အဖြူရာင်သည် လမ်းအားပိတ်ရပ်၍ ၎င်းယာဉ်ပေါ်ရှိ အမျိုးသားငါးဦးမှ ဦးနှင်းငွေ ပိုင်ဆိုင်သည့် ရွှေထည် ပစ္စည်း စုစုပေါင်း အလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ်နှစ်လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂ဝဝ ကျပ်ခန့်)အား လုယက်ယူဆောင်ကာ ၎င်းတို့စီးနင်းလာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။    

လုယက်မှုဖြစ်စဉ်တွင်ကျူးလွန်ခဲ့သောသူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် အင်းစိန်မြို့နယ်၊ ဒညင်းကုန်း ဘူတာအနီးရှိ အာကာကျော်ကားဘော်ဒီနှင့် ဆေးမှုတ်ရုံတွင် လုယက်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် Probox ယာဉ်နှင့် ယာဉ်ပေါ်မှ လက်ပစ်ဗုံးတစ်လုံးအား သိမ်းဆည်းရမိခဲ့ပြီး ယာဉ်ပိုင်ရှင်အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ညပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၌ သန့်ဇင်ဦး(ခ) ဝတုတ်(၃၃)နှစ်နှင့် အေးအေးဟန်(ခ) သဲသဲ(၄၃)နှစ်တို့နှစ်ဦးအား ငွေကျပ် ၁၁ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၁၆၅ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၁၄ ရံ၊ ရွှေဆွဲပြားမျိုးစုံလေးပြား၊ ရွှေဟန်းချိန်း ၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၄၆ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၁၅ ကွင်း နှင့်အတူ ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။

ဆက်လက်ပြီး လုယက်မှုတွင်ပါဝင်သူများ ဆက်လက်ဖမ်းဆီးခဲ့ရာ အင်းစိန်မြိုနယ် ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ရာတွင် ဘောဂ(၂၉)နှစ် အား ငွေကျပ်ကိုသိန်း၊ ရွှေလက်စွပ်မျိုးစုံ ၉၇ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၁၄ ရံ၊ ရွှေဆွဲပြားမျိုးစုံအပြား ၄၀၊ ရွှေဟန်းချိန်းရှစ်ခု၊ ရွှေဆွဲကြိုမျိုးစုံအကုံး၂၀၊ ရွှေလက်ကောက်မျိုးစုံရှစ်ကွင်းဖြင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ် သော်ကလမ်း(ကျူး)၊ (၁)ရပ်ကွက်၌ သန်းမြင့်စိုး(ခ)စိုးလေး (၄၆)နှစ်၊ သင်းသင်းဝေ(၃၄)နှစ်၊ ခိုင်နှင်းဝေ(၂၁)နှစ်သုံးဦးအား ကျပ် ၁၃၅ သိန်း၊ ရွှေလက်စွပ်မျိုးစုံအကွင်း၂၀၊ ရွှေဟန်းချိန်းနှစ်ခု၊ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေနားကပ်မျိုးစုံလေးရံ၊ ရွှေကြယ်သီးနှစ်ခု၊ Probox အငှားယာဉ်တစ် စီး ဖြင့်လည်းကောင်း၊   မရမ်းကုန်းမြို့နယ် ကြက်ခြံကွင်း(၁)ရပ်ကွက်၌ ဟိန်းဇော်ထွန်း(ခ)ကိုဟိန်း(၃၂)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထပ်မံ၍ ဒီဇင်ဘာ ၂၃ ရက်တွင် သမိုင်းမြို့ သစ်ရပ်ကွက်၌ စည်သူဖြိုး(ခ)စည်သူထွေး (၂၅)နှစ်အား ကျပ်ကိုး သိန်း၊ ရွှေနားကပ်မျိုးစုံအရံ ၃၀၊ ရွှေလက်စွပ်တစ်ကွင်းဖြင့်လည်းကောင်း၊ မရမ်းကုန်းမြိုနယ်၊ (၂)ရပ်ကွက်၌ ဇင်ငြိမ်းအောင်(ခ)ဇင်ကိုဝင်း(၂၈)နှစ်နှင့် မိုးဇင်ဦး(ခ)မျိုးမင်းဦး(၃၁)နှစ်တို့ နှစ်ဦးအား ရွှေနားကပ်မျိုးစုံ ၂၅ ရံ၊ ရွှေလက်စွပ်တစ်ကွင်းနှင့် WY စာတမ်းပါ စိတ်ကြရူးသွပ်ဆေးပြား ၅၄၅၀  နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူများအနက် ဘောဂမှာ ၎င်းရရှိသည့်  ရွှေထည်အချို့ အား ရောင်းချခဲ့ရာ ကျပ် ၁၀၅ သိန်းရရှိခဲ့ပြီး ‌ငွေကျပ်သိန်း ၄၀ အား သန့်ဇင်ဦး(ခ)ဝတုတ်ထံ ပေးအပ်ခဲ့ကာ ကျန်ငွေ များအား ကိုယ်ရေးကိုယ်တာသုံးစွဲခဲ့ကြောင်း၊ သန်းမြင့်စိုး(ခ)စိုးလေး သည် ရွှေထည်အချို့ အား ရောင်းချခဲ့ရာ ကျပ် ၁၆၀ သိန်းရရှိခဲ့ပြီး ကိုယ်ရေးကိုယ်တာ သုံးစွဲခဲ့ကြောင်းနဲ့ စည်သူဖြိုး(ခ)စည်သူထွေးသည် ရွှေထည်အချို့ အား ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ရွှေအရည်ကျိုရန်အတွက် ဟိန်းဇော်ထွန်း(ခ) ကိုဟိန်းနဲ့ဇင်ငြိမ်းအောင်(ခ)ဇင်ကိုဝင်းတို့ အား ပေးအပ်ခဲ့ တယ်လို့ သိရပါတယ်။ ­­­­
#YangonMediaGroup