#LocalNews

Published - 24 Dec 2021

 

ယနေ့နံနက်ပိုင်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ်တစ်စင်းမှာ လွိုင်ကော်လေဆိပ်သို့ဆင်းသက်စဥ် အချိန်ကိုက်ပြုလုပ်ထားသော ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ နစကရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာလ၂၄ ရက်နေ့ နံနက်၈နာရီ ၃၅ မိနစ်အချိန်တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်ယာဥ်တစ်စီးမှာ ကယားပြည်နယ် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရောက်ရှိစဥ် KNPP နဲ့ PDF လက်နက်ကိုင်များက လူနေရပ်ကွက်များအတွင်းရုတ်တရက်ရောက်ရှိလာပြီး ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါခရီးသည်တင်လေယာဥ်မှာ ခရီးသည် ၆၄ ဦးတင်ဆောင်လာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လွိုင်ကော်လေဆိပ်သို့ ထွက်ခွာလာပြီး နံနက်၈နာရီ ၃၅ မိနစ်တွင် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ခဲ့ရာ လွိုင်ကော်မြို့အနောက်ဘက် ဒေါပေါ်ကလဲကျေးရွာအုပ်စု ဘာဒိုကျေးရွာအနီးနဲ့ သင်္ချိုင်းကုန်းနေရာတွေကနေ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေယာဥ်ကွင်း၏ အရှေ့နဲ့အရှေ့တောင်ဘက် မီတာ၂,၀၀၀ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊အဆောက်အအုံနဲ့လေယာဥ်တို့ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းသိရပါတယ်။

 

အဆိုပါလေယာဥ်မှာ ခရီးသည် ၃၈ ဦးပြန်လည်တင်ဆောင်ကာ လွိုင်ကော်မှ ရန်ကုန်သို့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်မှာ ပြန်လည်ထွက်ခွာသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်သူများကို လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ သိရပါတယ်။

#Yangon_Media_Group