#LocalNews

Published - 24 Dec 2021

 

၂၀၂၃ ခုနှစ်၊ဩဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေတယ်လို့ နစက ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ ထိုသို့ ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံအေးချမ်းတည်ငြိမ်ရေးအပေါ်လည်း မူတည်နေတယ်လို့ သူကပြောပါတယ်၊

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းက တပ်မတော်ဆေးတက္ကသိုလ်၊တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊တပ်မတော်ကြည်းဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှာ ကျောင်းအုပ်ကြီးများ၊ဆရာ၊ဆရာမကြီးများနဲ့ အရာရှိစစ်သည်များနဲ့တွေ့ရာမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 


နစက ဥက္ကဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင် အတတ်နိုင်ဆုံး မဲစာရင်း မှားယွင်းမှုမရှိစေရေးနှင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေး၊ မသာမာသည့် နည်းလမ်းဖြင့် မဲပေးမှုမရှိစေရေးတို့အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်အထိ ၂၅ ရာခိုင်နှုန်းခန့်သာပြီးစီးသေး၍ ၎င်းလုပ်ငန်းစဉ်ကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

 


ဒါ့အပြင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့်ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများရှိကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများအား မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရန်မရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သော်လည်း ပါတီအချို့အနေဖြင့် လာရောက်တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း၊ အစုအဖွဲ့လိုက် ထောက်ခံသူပြည်သူများကို ပါတီများကသာ ကိုယ်စားပြုပြီး ပုဂ္ဂလိကအနေဖြင့် ကိုယ်စားပြုမှုမရှိကြောင်း၊ နိုင်ငံရေးပါတီများသည် ပြည်သူများကို ကိုယ်စားပြုသည့် နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲအတွက် အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးဆောင်ရွက်နိုင်မယ့် ကိစ္စကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ၊သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေနှင့် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ဒါပေမယ့် အဖြေတိတိကျကျတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

#Yangon_Media_Group