#LocalNews

Published - 22 Dec 2021

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအချို့ရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

လတ်တလောကာလတွင် ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ရောဂါဖြစ်ပွားသူတွေ အနည်းငယ်ကျန်ရှိနေသေးတာဖြစ်ပြီး အဲ့ဒီထဲကမှ ရောဂါလက္ခဏာပြင်းထန်သူအချိုအနေနဲ့ ရောဂါအခံနှင့် ရာသီဥတုဒဏ်ကြောင့် သေဆုံးမှုတွေ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"ပူတာအိုက အေးတဲ့ဒေသလေ ကိုဗစ်ကပူတာအိုမှာ အကုန်တော့မပျောက်သေးဘူး ၊ ရှိနေတုန်းပဲ။ ပြောရမယ်ဆိုရင် ဒီနေ့မှာတောင် ဆုံးတဲ့သူရှိပါတယ်။ အများကြီးတော့မဟုတ်ဘူး၊ တော်တော်လေး ရောဂါလက္ခဏာပြင်းပြင်းထန်ထန်ခံစားရတဲ့သူတွေပေါ့။သူတို့က ရောဂါဒဏ်ကို မခံနိုင်တာရှိသလို ရာသီဥတုအေးတာကြောင့်လည်းပါတယ်။ အခုက ပူတာအိုမှာ ရာသီဥတုကတော်တော်အေးတော့ ရောဂါပြင်းထန်တဲ့သူတွေက မခံနိုင်တာလည်းရှိတာပေါ့။ တစ်ရက်ခြားနှစ်ရက်ခြား တစ် ယောက်လောက် သေဆုံးမှုတွေရှိနေတာပါ။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက အခုလိုပြောပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက အဆိုပါပူတာအိုဒေသမှာ ရာသီတုပ်ကွေးဖျားနာလူနာတွေ များပြားလာခဲ့ခြင်းဖြစ်ပြီး ရာသီတုပ်ကွေးနှင့်တွဲ၍ ကိုဗစ် ၁၉ Positive လူနာအများအပြားကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။

 

ဒါ့ကြောင့်လည်း ပူတာအိုဒေသတွင် ကိုဗစ်ရောဂါကာကွယ်၊ထိန်းချုပ်ရေးနဲ့ပက်သက်သည့် လုပ်ငန်းစဉ်တွေကို ခရိုင်၊မြို့နယ်အဆင့် ကျန်းမာရေးဌာနများနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်၍ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

#Yangon_Media_Group