Published: 22 December 2021

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနရဲ့ နိုင်ငံခြားရေးအတွင်းဝန် ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာ Shri Harsh Vardhan Shringla ဟာ ဒီဇင်ဘာ ၂၂ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံကို အလုပ်သဘော လာရောက်မှာဖြစ်တယ်လို့ အိန္ဒိယအစိုးရ ပြည်ပရေးရာ ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ရက်က သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့မှုများ၊လုံခြုံရေး၊အိန္ဒိယ-မြန်မာနယ်စပ်အရေးကိစ္စများ နှင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူဟာ ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးအဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနှင့်ကတော့ ဒါဟာ မြန်မာနိုင်ငံကို ဒုတိယမြောက်ခရီးစဉ်ပါ။ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလတုန်းက မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့ပြီး အဲဒီတုန်းက အိန္ဒိယစစ်တပ် chief of army staff ဗိုလ်ချုပ်ကြီး MM Naravane အမ်အမ်နာရာဗိန်းနှင့်အတူ နေပြည်တော်ကိုသွားရောက်ခဲ့တာဖြစ်တယ်လို့ တိုင်းမ်းအော့အိန္ဒိယ သတင်းစာကရေးသားပါတယ်။