#LocalNews

Published - 21 Dec 2021

 

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ဘန်မိုဂရက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသော သုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော် ရဲ့ကျန်းမာရေးအခြေအနေစိုးရိမ်စရာမရှိပြန်လည်ကောင်းမွန်လာမယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက မိန့်ကြားလိုက်တယ်လို့ သိရပါတယ်။

 

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို သွားရောက်ဖူးမျှော်ကာ သုတဗုဒ္ဓ စစ်ကိုင်းတိပိဋကဆရာတော်ရဲ့ကျန်းမာရေးအခြေအနေကို လျှောက်ထားကာ ဆရာတော်ဘုရားကြီး၏ အသုံးအဆောင်သင်္ဃန်းနှင့် မေတ္တာဓါတ်ရေများစွန့်ရန် သွားရောက်လျှောက်ထားသော ပွင့်လင်းဆရာတော်ကို အထက်ပါအတိုင်းမိန့်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

"သုတဗုဒ္ဓ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက၊ စစ်ကိုင်းဆရာတော်ဘုရား ခံစားနေရသောရောဂါဝေဒနာများသာ အမြန်ဆုံးသက်သာရေးကိုသာရှေးရှုကာ မိမိအရေးထက် တန်ဘိုးဖြတ်၍မရသော သုတဗုဒ္ဓ၊ စစ်ကိုင်းဆရာတော်ဘုရား၏ ကျန်းမာရေးကအရေးကြီးသည်ဟု နှလုံးသွင်းကာ သင်္ကန်းစသော လှူဒါန်းဖွယ်ရာများ မသွားခင်က အားချင်းစီမံ၍ ဆရာတော်ဘုရားကြီးကို ဖူးမျှော်ခွင့် လှူဒါန်းခွင့်ရရှိပြီးသည်နှင့် ကျေးဇူးရှင်ဆရာတော်ဘုရား တပည့်တော်အား လျှောက်ထားခွင့်ပြုတော်မူပါဘုရားဆိုပြီး သုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော်ဘုရား ကျန်းမာရေးစိုးရိမ်ရသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်သို့ကြွရောက်၍ ဆေးကုသမှုခံယူနေပါကြောင်း ဆရာတော်ဘုရား၏ အသုံးအဆောင်သင်္ကန်းနှင့် မေတ္တာဓာတ်ရေတော်များ စွန့်ကြဲတော်မူပါရန် လျှောက်ထားခွင့်ရခဲ့ပါသည်၊ပြန်လည်မိန့်ကြားတော်မူသည်မှာ စိုးရိမ််စရာမလိုပါဘူး ကျန်းမာသွားမှာပါဆိုပြီး သင်္ကန်းအကပ်ခံပြန်စွန့် သောက်တော်ရေ ရေသန့်ဘူးလေးကို အဖုံးဖွင့်ပြီး ကပ်လေရာ ဆရာတော်ဘုရားမှ လက်ညိုးလေးနဲ့ သုံးသပ်တော်မူကာ မေတ္တာဓာတ်များပေးသနားတော်မူခဲ့ပါတယ်"လို့ ပွင့်လင်းဆရာတော်ကမိန့်ကြားပါတယ်။

 


ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး စွန့်ကြဲတော်မူလိုက်သော သင်္ကန်း-မေတ္တာဓာတ်ရေတော်- အမွှေးနံ့သာတိုကို သုတဗုဒ္ဓ၊ စစ်ကိုင်းတိပိဋကဆရာတော်ဘုရားထံ သွားရောက်ပြီး လုပ်အပ်တာမှန်သမျှ ကုသိုလ်ယူစောင့်ရှောက်ရန် သွားရောက်မယ့်သူများမှတဆင့်လူကြုံပါးပြီးလှူဒါန်းလိုက်ရာ ဆေးရုံတက်သည့်နေကစလို ဆရာတော်ဘုရားအား မဖူးမျှော်ရ မမြင်တွေ့ကြရသော အနေအထားဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး စွန့်ကြဲလိုက်သော သင်္ကန်းတော်နှင့် မေတ္တာဓာတ်ရေတော်တိုကို ဝတ်ရုံ သုံးဆောင်မူပြီး ဆေးရုံကုတင်ပေါ် ပက်လက်အနေအထားဖြင့်ပုံတော်ကို ဖူးမြင်ခွင့် ရရှိခဲ့တယ်လို ထူးခြားမှုကို ပွင့်လင်းဆရာတော်က မိန့်ကြားတော်မူပါတယ်။

 

" သာသနာတော်ကြီးကို တန်ဘိုးထား ချစ်မြတ်နိုး သီလ-သမာဓိ-ပညာ-ဓမ္မစွမ်းအားတွေနဲ့ ပြည့်စုံတော်မူနေသည့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် တန်ဘိုးကြီးမားသည့် သုတဗုဒ္ဓ၊စစ်ကိုင်းတိပိဋကဆရာတော်ဘုရားတိုရဲ့ ဓမ္မစွမ်းအားတွေ မေတ္တာစွမ်းအားတွေ သီလ-သမာဓိ-ညာဏ်ပညာစွမ်းအားတွေနဲ့ ဓမ္မပူဇာ-အာမိသပူဇာ နှစ်ဖြာသောကောင်းကျိုးများကို စိတ်-စေတနာ သဒ္ဓါတရားနှင့် မေတ္တာတရားမျာကို အရင်းခံလို့ စီမံဆောင်ရွက်ခွင့်ရခဲ့လိုက်သည့်အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးပီတိဖြစ်ရပါတယ်"လို့ ပွင့်လင်းဆရာတော်ကမိန့်ကြားပါတယ်။

#Yangon_Media_Group