#LocalPolitics

Published - 20 Dec 2021

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် ပုဒ်မနှစ်ခုအတွက် အမိန့်ချရန် မူလက စီစဉ်ခဲ့သော်လည်း ဒီဇင်ဘာလ ၂၇ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုပေါင်း ၁၂ မှုထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အမှုတို့အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်တွင် အမိန့်ချခဲ့ပြီးနောက် ယခု အခါ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တိုနှင့် အမိန့်ချရန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ တနင်္လာနေ့မှာ ပို့ကုန်-သွင်းကုန်ဥပဒေ နဲ့ ဆက်သွယ်ရေးဥပဒေ ကိစ္စ ကို အပြီးသတ် အမိန့်ချဖို့ နဂိုကလုပ်ထားပေမဲ့ တရားသူကြီးက ဒီဇင်ဘာလ ၂၇ ရက်ကို ရွှေ့ဆိုင်းခဲ့တယ်။ဘာကြောင့်ရွှေ့တယ်ဆိုတာတော့ မသိရဘူး၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေမှာ  ဒေါက်တာဇော်မြင့်မောင်က ဗီဒီယိုကွန်ဖရင့် နဲ့ထွက်ဆိုမှာ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပါတယ်"ဟု တရားရုံးနှင့် နီးစပ်သူက ရန်ကုန်တိုင်းမ်ကို ပြောသည်။

ပုဒ်မ ၈ ပြစ်မှု ထင်ရှားပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန်သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေမှတ်တမ်းများအရ သိရသည်။

Photo-mdn

#YangonMediaGroup