#LocalNews

Published - 18 Dec 2021

 

နယ်စပ်ကုန်သွယ်မှုပမာဏမှာ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံတစ်ခုနဲ့သာ ယခင်ကာလတူနှစ်ထက် ကန်ဒေါ်လာ ၁၉၅ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ပြီး ကျန်နိုင်ငံတွေနဲ့ကတော့ နယ်စပ်ကုန်သွယ်မှုပမာဏ လျော့နည်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။

 

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကုန်သွယ်မှုပမာဏ ၈၆၄ သန်းကျော် ရရှိခဲ့ပြီး ယခင်ကာလတူနှစ်မှာ ၆၆၉ သန်းကျော်သာ ရရှိခဲ့တဲ့အတွက် ၁၉၅ သန်းကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံနဲ့အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ကတော့ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ကာလတူနှစ်နဲ့ နှိင်းယှဉ်မယ်ဆိုရင် ၁,၁၂၉ သန်းကျော် ကျဆင်းသွားတယ်လို, စာရင်းတွေက ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှတစ်ဆင့် အများဆုံး ကုန်သွယ်မှုပြုခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် လက်ရှိဘဏ္ဍာနှစ် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၉၀၀ ကျော် လျော့နည်းကျဆင်းသွားတာလည်း တွေ့ရပါတယ်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကုန်သွယ်မှုပမာဏ ၁,၀၈၇ သန်းကျော် ရရှိခဲ့ပြီး ယခင်ကာလတူနှစ်မှာ ၂,၀၆၀ သန်းကျော်သာ ရရှိခဲ့တဲ့အတွက် ၉၇၂ သန်းကျော် လျော့နည်းကျဆင်းခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

#Yangon_Media_Group