#LocalNews

Published - 18 Dec 2021

 

အရှိန်မထိန်းနိုင်သည့် ကားတစ်စီးက အမျိုးသမီးငယ်နှစ်ဦးကိုတိုက်ပြီး ထွက်ပြေးသွားခဲ့သည့် ဖြစ်စဥ်တစ်ခု ဒီကနေ့ နံနက် အစောပိုင်းအချိန်က တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့ပြီး ယာဥ်တိုက်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ ဒီဇင်ဘာ ၁၈ ရက်၊ နံနက် အာရုဏ်ဦး ၄ နာရီ ၄၅ မိနစ်အချိန်တွင် တာချီလိတ်မြို့ ၊ မြို့ရှောင်လမ်း၊ ဆန်ဆိုင်းစျေးလမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမှ လမ်းလျှောက်လာသောအမျိုးသမီးငယ်နှစ်ဦးကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

"ကျွန်တော်တို့သတင်းရတဲ့အချိန်က အမျိုးသမီးနှစ်ဦးကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားတယ် လာရောက်ကူညီဖို့ အနီးအနားမှာရှိတဲ့ ဆိုင်ကယ် ကယ်ရီဂိတ်က အကြောင်းကြားတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦးက ခါးထိသွားတယ်၊ ဒဏ်ရာအတော် လေးရသွားတယ်။ နောက်တစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရခဲ့တယ်။ ဒဏ်ရာရတဲ့သူနှစ်ဦးကို ကျွန်တော်တို့အဖွဲ့ကပဲ ဆေးရုံကိုပို့ ဆောင်ပေးခဲ့ပါတယ်။"လို့ တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် မိုင်းဖုန်း(က)အုပ်စု ပါခါရွာနေသူ မနန်းပေါ့ အသက်(၁၈)နှစ်တွင် ခါးထိခိုက်ဒဏ်ရာရခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ တွေက တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓါတ်ပုံ - တာချီလိတ်လူမှုကူညီရေးအသင်း။

#Yangon_Media_Group