#LocalNews

Published - 18 Dec 2021

 

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့တဲ့အပေါ် လုံးဝပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကာ ထပ်လောင်းကန့်ကွက်ကြောင်း စကစရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကထပ်မံထုတ်ပြန်လိုက်ပါတယ်။

 

ဒီဇင်ဘာလ ၁၆ ရက်တွင် ကျင်းပခဲ့တဲလ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မျက်နှာစုံညီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့တဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းကန့်ကွက်တာဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ယင်းအဆိုမူကြမ်းကိုမဲခွဲရန် တောင်းဆိုလေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် မဲမခွဲဘဲ အတည်ပြုခဲ့ခြင်းဟာ နိုင်ငံ့ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခြင်းခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားရင်ဆိုင်နေရသူက ကုလသမဂ္ဂတွင် မမှန်မကန် ကိုယ်စားပြုနေတာကြောင့်ဖြစ်ကာ ၎င်းရဲ့ နိုင်ငံတော်အပေါ် သစ္စာဖောက်သောလုပ်ရပ်က မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတယ်လို့ ကန့်ကွက်ချက်ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

လူ့အခွင့်အရေးကိစ္စရပ်များကို စဉ်းစားသုံးသပ်ရာတွင် နိုင်ငံအားလုံး တစ်ပြေးညီကျင့်သုံးရေး၊ သမာသမတ်ကျရေး၊ နိုင်ငံတစ်နိုင်ငံတည်းကိုရွေးချယ်ပစ်မှတ်မထားရေး စတဲ့ ကုလသမဂ္ဂအခြေခံမူများကို ဆန့်ကျင်ကာ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်တဲ့ ဆုံးဖြတ်ချက်အဆိုများကို မြန်မာနိုင်ငံက အစဉ်တစိုက်ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#Yangon_Media_Group