#LocalNews

Published - 25 Nov 2021

ငွေလည်ပတ်မှု ပို၍မှန်ကန်စေရန် ကုမ္ပဏီ၊အဖွဲ့အစည်းများကို သီးခြားငွေစာရင်း မဖြစ်မနေဖွင့်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ဌာနက သိရသည်။

 

"နိုင်ငံတကာမှာ Corporate Account သီးခြားဖွင့်ရပါတယ်၊ငွေကြေးကို သီးခြားခွဲခြားဆောင်ရွက်တာက အခွန်ဆိုင်ရာ၊ငွေလည်ပတ်မှုဆိုင်ရာ ပိုမိုမှန်ကန်စေပါတယ်။ကုမ္ပဏီပိုင်ငွေနဲ့ ပုဂ္ဂလိကငွေကွဲပြားမှုမရှိရင် ရှုတ်ထွေးပါမယ်။ကုမ္ပဏီတွေများလာတာနဲ့အမျှ ငွေကြေးပြဿနာတွေ တရားစွဲမှုတွေ တိုးပွါးနေပါတယ်၊ကုမ္ပဏီဖျက်သိမ်းစာရင်းရှင်းတာ စတဲ့လုပ်ငန်းစဉ်တွေအတွက် လွယ်ကူစေပါမယ်။ကုမ္ပဏီဥပဒေအရ တည်ထောင်တဲ့လုပ်ငန်းဖြစ်လို့ သီးခြားရပ်တည်ဆောင်ရွက်ဖို့ ဒီလိုထုတ်ပြန်ရတာ ဖြစ်ပါတယ်"ဟု DICA ၏ ညွှန်ချုပ် ဦးသန့်စင်လွင်က ရန်ကုန်တိုင်းမ်ကို ပြောသည်။

 

အချို့ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအနေဖြင့် ငွေကြးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဒါရိုက်တာများ၏ ဘဏ်ငွေစာရင်းကို အသုံးပြုနေကြကြောင်း တွေ့ရှိရသောကြောင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ထားခြင်း ရှိ မရှိကို စစ်ဆေးရာ မရှိ၍ ဖွင့်လှစ်ရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မအရ ကုမ္ပဏီတိုင်း သီးခြားငွေစာရင်းထားရှိရမည် ဖြစ်ကြောင်း၊ယင်းသို့ ငွေစာရင်းသီးခြား ရှိပါက ဘဏ်တွင် ငွေထုတ်ရ အဆင်ပြေကြောင်း နှင့် သီးခြား မဖွင့်ထားဘဲ လုပ်ကိုင်ပါက ရောထွေးမှုများ ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။

 

photo-dica ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်

#Yangon_Media_Group