Published-24 November 2021

ချမှတ်ထားတဲ့ လုပ်ငန်းစဉ်(၅)ရပ်ကိုသာ အောင်မြင်အောင် ဆောင်ရွက်ဖို့  သန္နိဌာန်ချထားတယ်လို့ နစကရဲ့ ဥက္ကဋ္ဌတာဝန်ရယူထားတဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၄ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေ ကတိသစ္စာပြု အခမ်းအနားမှာ ဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

လုပ်ငန်းစဉ်(၅)ရပ်ဆိုတာ  ရွေးကောက်ပွဲကျင်းပပေးပြီးနောက် တက်လာမယ့် အရပ်သားအစိုးရကို နစကက နိုင်ငံတော်အာဏာပြန်လည်လွှဲပြောင်းပေးဖို့ဦးတည်ထားတာပါ။

အဲဒီလုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေ၊အချိန်အခါနှင့်ကိုက်ညီတယ်လို့လည်း သူကထပ်လောင်းပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အဆင့်ဆင့်ကူးပြောင်းနေတဲ့ Democratization အနေအထား

ဖြစ်တယ်လို့လည်း နစကဥက္ကဋ္ဌက ပြောဆိုပါတယ်။အဲဒီကူးပြောင်းနေတဲ့ဖြစ်စဉ်မှာ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုပ်ငန်းစဉ်ရဲ့ အသက်ခန္ဓာကြီးတစ်ခုဖြစ်တယ်လို့လည်း သူက ၂၀၀၈အခြေခံဥပဒေကို ရပ်တည်ပြောဆိုသွားပါတယ်။

ဗိုလ်ချူပ်မှူးကြီးက သတင်းမီဒီယာကောင်စီဝင်တွေကို သတင်းမီဒီယာများနှင့်ပတ်သက်တဲ့အရေးကိစ္စတွေပြောကြားရင်း လက်ရှိနိုင်ငံရေးအခြေအနေနှင့် နစကရဲ့သဘောထားရပ်တည်ချက်တွေကို ထည့်သွင်းအသိပေးသွားတာဖြစ်ပါတယ်။

သတင်းမီဒီယာဥပဒေအရပေါ်ပေါက်ခဲ့တဲ့ သတင်းမီဒီယာကောင်စီရဲ့သက်တမ်းဟာ တစ်ကြိမ်ကို သုံးနှစ်ဖြစ်ပြီး ယခုအကြိမ်သည် တတိယမြောက်သက်တမ်းဖြစ်ပါတယ်။သတင်းမီဒီယာကောင်စီ(ယာယီ)ကိုထည့်သွင်းရေတွက်ပါက ယခုသည် စတုတ္တမြောက်ကောင်စီဖြစ်ပါတယ်။