#LocalBusiness

Published - 24 Nov 2021

ရခိုင်ပြည်နယ်အတွင်း ငပလီ ကမ်းခြေရှိ ဟိုတယ်နှင့် ဧည့်ရိပ်သာ အများစုပါဝင်သော ဟိုတယ်နှင့်ဧည့်ရိပ်သာ ၃၄ လုံးမှာ ငွေကြေးအခက်အခဲကြောင့် ပြန်မဖွင့်နိုင်သေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းများအရသိရသည်။

ရခိုင်ပြည်နယ်တွင် ဟိုတယ် နှင့် အဆင့်မြင့်ဧည့်ရိပ်သာများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသော်လည်း  အလုံး တစ်ရာ အနက် ၆၆ လုံးသာဖွင့်လှစ်နိုင်သည့်အခြေအနေ ရှိကြောင်းလည်း သိရသည်။

"အလုံး ၃၀ ကျော်လောက်က ပိုင်ရှင်တွေ ငွေကြေး ကိစ္စ ၊ ပြီးတော့ ဖွင့်တယ်ဆိုရင်လည်း ဧည့်သည် က လာမလား ၊ မလာဘူးလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ထိုင်နေရင်အကောင်း ထသွားမှ ကျိုး ဖြစ်မှာစိုးလို့ မဖွင့်ကြတာလည်းရှိတယ်၊ပြည်ပခရီးသွားကလည်း မရှိသေးတော့ အဓိက ဝင်ငွေပိုရတာ မရှိနိုင်သေးဘူးလေ ။ ဒါကြောင့်ပြန်မဖွင့်နိုင်သေးတာ"ဟု ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ကိုဗစ်ကြောင့် ဟိုတယ် တော်တော် များများကို ပိတ်ထားရသောကြောင့်  ပြန်လည်ပြုပြင်ရမည့် အပိုင်းများ ရှိနေသည့်အတွက် ကုန်ကျစရိတ်များ လိုအပ်ချက်အခက်အခဲ ဖြစ်နေကြခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းတွင် ခရီးသွားသူများ က စိတ်ဝင်စားဖွယ် နေရာများရှိသည့် တိုင်းဒေသကြီး ပြည်နယ်တို့တွင် သွားရောက် လည်ပတ်သွားလာကြလျက်ရှိရာတွင် ပြီးခဲ့သည့် သီတင်းကျွတ်ကာလ နှင့် တန်ဆောင်တိုင် ပွဲတော်ရက်များအတွင်း ငပလီ ကမ်းခြေ သို့ လာရောက်လည်ပတ်သူများပြားခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ မှတ်တမ်းများအရ သိရသည်။

ရခိုင်ပြည်သို့ လာရောက်လည်ပတ်သည့် ခရီးသွား အရေအတွက်မှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှ အောက်တိုဘာလထိ ၁၀ လတာအတွင်း  ၃၉၆၄၃ ရှိသည့်အနက် ပြည်တွင်းနေ နိုင်ငံခြားသားနှင့် ပြည်ပခရီးသွား ၄၉၂ ဦး ဝင်ရောက်ခဲ့ကြောင်းရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက သိရသည်။

#YangonMediaGroup