#LocalNews

Published - 24 Nov 2021

တရုတ်ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကိုဆောလျင်စွာ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်- မြန်မာ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်း အွန်လိုင်းဆွေးနွေးပွဲမှ သိရပါတယ်။

အဆိုပါ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယူနန်ပြည်နယ်အစိုးရ၊ နိုင်ငံခြားရေးရုံးမှကြီးမှူး၍ နိုဝင်ဘာလ ၂၃ ရက် နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကျန်းမာရေး၊ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးစသည့် သက်ဆိုင်ရာဌာနနှင့် ဒေသန္တရအစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။

ယူနန်ပြည်နယ်နှင့်အတူ မြန်မာဘက် ချိတ်ဆက်မှုကို မြှင့်တင်ပြီး နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ယန္တရားရဲ့ အခန်းကဏ္ဍကို အပြည့်အဝအသုံးချကာ (၁၀၅)မိုင် ကိုဗစ်-၁၉ ကုသရေးစင်တာကို ကောင်းမွန်စွာအသုံးပြု၍ ကပ်ရောဂါအချက်အလက် အတူမျှဝေခြင်းနှင့် နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်ပြီး နယ်စပ်ကုန်သွယ်ရေးဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြုသဘော ဆောင်တဲ့ အခြေအနေတွေကိုလည်း အဆိုပါ ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်ဘက်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန်ဖေးမကူညီပြီး ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအသစ်ထူထောင်ခဲ့ကာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာသစ်ရေးသားခဲ့ကြောင်း၊ ယနေ့တိုင် တရုတ်ဘက်က မြန်မာဘက်သို့ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေးမှုသည် မြန်မာနိုင်ငံက လက်ခံရရှိသော Vaccine စုစုပေါင်းအရေအတွက်၏ ၉၆% ကျော်ရှိပြီး မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပေးခဲ့ကြောင်း၊ သမ္မတ Mr. Xi Jinping က တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းဝေးတွင်ပြောကြားသည့် ကတိပြုမှုကို တရုတ်ဘက်က တက်တက်ကြွကြွဖော်ဆောင်ပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများထံ ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း မြန်မာဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထို့အတူ ယူနန်ပြည်နယ်က မြန်မာနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားပြီး တရုတ်-မြန်မာပြည်သူကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူနှင့်ကုန်ပစ္စည်းများသွားလာမှု ဆောလျင်စွာပြန်လည်ဖော်ဆောင်ရန်ကူညီပေးပြီး နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့ဘဝကောင်းမွန်လာစေရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်၏ အတူကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မန်မံလမ်းကြောင်းတွင် ယမန်နေ့မှစ၍ ကားများပြန်လည်ဖြတ်သန်းနေပြီဖြစ်ပြီး မကြာတော့မည့်ကာလတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို စနစ်တကျပြန်လည်ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံဘက်က အဆိုပါ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

တရုတ်- မြန်မာ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်း အွန်လိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ သံမှူးကြီး Ms. Li Xiao Yan တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး။

#Yangon_Media_Group