#LocalNews

Published - 23 Nov 2021

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အိန္ဒိယနိုင်ငံ မဏိပူရ် (ကသည်း) လူမျိုး ၆ ဦးကို နိုဝင်ဘာလ ၂၂ ရက်တွင် ပြည်နှင်ဒဏ်ပေးလိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်ရှိသူက ရန်ကုန်တိုင်းမ်ကို ပြောသည်။

ယင်းတို့မှာ ကသည်းပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် ၅ ဦးတို့ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာခြင်းနှင့် အခြေချနေထိုင်ခြင်းတို့ကြောင့် ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့အပြင် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

မူလက ၅ ဦးသာ ဖမ်းမိသော်လည်း ကွင်းဆက်အဖြစ် စစ်ကိုင်းမြို့တွင် အခြေချ နေထိုင်နေသည့် PLA အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ နော်ရာကို ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က မတရားအသင်းအက်ဥပဒေ ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့ဖြင့် မုံရွာမြို့နှင့် စစ်ကိုင်းမြို့မရဲစခန်းတို့တွင် အမှုဖွင့်တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်နှင်ဒဏ်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် ပြော၍မရနိုင်သော်လည်း ရေဘုယျအားဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ဦးတည်ခြင်း နှင့် လူသားချင်းစာနာခြင်းတို့ကြောင့်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။

ယင်းတို့အနက် နော်ရာ (ခ) Devanl မှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Tokpaching ဒေသမှ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုးဖြစ်ပြီး ၁/မညန(နိုင်) ၁၂၉၆၉၈ နိုင်ငံသားကတ်ကိုင်ဆောင်ထားကြောင်း၊ယင်းမှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဝတီရပ်ကွက် အမည်ဖြင့် အတုပြုလုပ်ထားခြင်း ဖြစ်ကြောင်း ၊စစ်ကိုင်းမြို့မှ မြန်မာ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုကာ စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက် အမှတ် ၅ လမ်းတွင် အခြေချနေထိုင်၍ သမီးတစ်ဦးလည်း ထွန်းကားခဲ့ကြောင်း သိရသည်။


အဆိုပါ အိန္ဒိယနိုင်ငံသား ၆ ဦး ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်းက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

#Yangon_Media_Group