#LocalNews

Published - 23 Nov 2021

ပူတာအို၌ ဈေးကောင်းရနေသော ကျောက်ကြမ်းပိုး အင်းဆက်ကောင်ရှာဖွေသူများပြားနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သိန်း ဝန်းကျင်အထိ စျေးကောင်းရနေကြောင်း ပူတာမြို့ဒေသခံများထံမှ သိရပါတယ်။

"ကျောက်ကြမ်းပိုးရှာနေကြတာဟုတ်ပါတယ်။ သူက နို့ဆီဘူးတစ်ခွက်ကို ၇,၀၀၀၊ ၈,၀၀၀ လောက်ရတယ်။ စျေးကောင်းရနေတာ ပေါ့။ တစ်ပိဿာကို တစ်သိန်းဝန်းကျင်အထိ ပေးနေကြတယ်။ ဒီရာသီက ကျောက်ကြမ်းပိုးရှာတဲ့ရာသီပေါ့ ။ အအေးပိုင်းရာသီဆိုတော့ အများဆုံး တစ်ပတ် ၊ သူက သူ့ရာသီနဲ့သူရှာရတာ။ အဓိကက ကျန်းမာရေးအတွက် ကောင်းတာပေါ့ ။ ပြောရရင် တီဗီ ရောဂါ AIDS ရောဂါတွေအတွက် ဆေးဘက်ဝင်တယ် ပြောပါတယ်။ ကျွန်တော်တို့ဒေသမှာတော့ ဒီကျောက်ကြမ်းပိုးကို ဟင်းချက်တဲ့အခါမှာ ဟင်းခတ်မှုန့်အဖြစ် ထည့်သုံးတာတွေလည်းရှိပါတယ်။" လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဒီတန်းက ပြောပြခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ဒေသအခေါ် ကျောက်ကြမ်းပိုး(အင်းဆက်ကောင်)များအား ဈေးကောင်းပေး၀ယ်သူများရှိသဖြင့် လွန်ခဲ့တဲ့နှစ်များမှစ၍ ကျောက်ကြမ်းပိုးရှာဖွေသူများပြားလာခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက် ညအိပ်ညနေ ကျောက်ကြမ်းပိုး အရှာထွက်သူများပင် ရှိနေတာဖြစ်ပါတယ်။

ပူတာအိုဒေသတွင် နို၀င်ဘာ မှ မတ်လအထိသာ တွေ့ရှိရသည့် ကျောက်ကြမ်းပိုးသည် အင်းဆက်နွယ်ဝင် အမျိုးအစားတစ်မျိုးဖြစ်ပြီး အကောင်ကြီးလျှင် ကြီးသလို စျေးကောင်းရရှိနေသပြီးတရုတ်ဘက်က အများဆုံးဝယ်ယူမှုတွေ ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ ကျောက်ကြမ်းပိုး အင်းဆက်ကောင်များကို လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ချောင်းစပ် ကျောက်ကြိုကျောက်ကြားများတွင် တွေ့ရ ပြီး နံနက်ပိုင်းတွင် ကျောက်ခဲများအောက် ရှာဖွေရကာ ညနေပိုင်း အစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ ဆန်ခါခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းဆီးရှာဖွေလေ့ရှိတယ်လို့လည်း ဒေသခံများထံမှ သိရပါတယ်။

Photo - CJ

#Yangon_Media_Group