Published: 23 November 2021

မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ် အာဇာနည်ဗိမ္မာန်ဗုံးခွဲတိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့တဲ့ တောင်ကိုးရီးယား သမ္မတဟောင်း ချွန်ဒူးဝမ်ဟာ နိုဝင်ဘာ ၂၃ရက် အင်္ဂါနေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူဟာ အသက်၉၀နှစ်အရွယ်မှာ သွေးကင်ဆာ ရောဂါတစ်မျိုးခံစားရင်း ဆိုးလ်မြို့တော်နေအိမ်မှာကွယ်လွန်ခဲ့တာပါ။ သူကွယ်လွန်ခဲ့တာကို တောင်ကိုးရီးယားရဲ့သတင်းအေဂျင်စီ ယွန်ဟတ်က ရေးသားပါ တယ်။

သူဟာမြန်မာနိုင်ငံကို ၁၉၈၃ ခုနှစ်အောက်တိုဘာလမှာ တောင်ကိုးရီယားရဲ့ ပဥ္စမမြောက် သမ္မတအဖြစ် အလည် အပတ်ရောက်ရှိပြီး အောက်တိုဘာ(၉)ရက်နေ့မှာ မြောက်ကိုးရီးယားသူလျှိုတွေက သူနှင့်သူ့အဖွဲ့ကို ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုအခမ်းအနားပြုလုပ်နေတုန်း ဗုံးခွဲပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တာပါ။ အဲဒီဖြစ်ရပ်မှာ သူ့ရဲ့ အစိုးရအဖွဲ့ ဝန်ကြီး လေးဦး၊ တောင်ကိုးရီးယား သတင်းသမားနှင့် အခြားအရာရှိ (၁၄)ဦးအပါအဝင် စုစုပေါင်း ၂၁ ဦးသေဆုံးပြီး ၄၆ ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။ ထိုစဉ်က မြန်မာအစိုးရက အဲဒီဗုံးဖောက်ခွဲမှုကို ဆောင်ရွက်ခဲ့တဲ့ မြောက်ကိုးရီးယားသူလျှို ကင်မ်မီချူး၊ ကင်ဂျင်ဝူးနှင့်ဇင်ဘိုတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။လွတ်မြောက်သွားတဲ့  ဇင်ဘိုကို နောက်ပိုင်းမှာ ပစ်ခတ်အသေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ချွန်ဒူးဝမ်ဟာ တောင်ကိုးရီးယားစစ်တပ်ဦးစီးချုပ်လုပ်ခဲ့ပြီး ၁၉၈၀ခုနှစ်တုန်းက ဒီမိုကရေစီထောက်ခံဆန္ဒပြသူတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဂွမ်ကျူးဖြစ်ရပ်မှာ ခေါင်းဆောင်ခဲ့တယ်ဆိုပြီး သေဒဏ်စီရင်ချက်ချခံခဲ့ရပါတယ်။ သေဒဏ်ကို နောက်ပိုင်းမှာ ဆိုင်းငံ့ပေးခဲ့ပါတယ်။အဲဒီနောက်သူဟာ တောင်ကိုးရီးယားစီးပွားရေး တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ဦး အဖြစ် အသိအမှတ်ပြုပြီး သူ့ကို ၁၉၉၇ခုနှစ်မှာ သမ္မတကင်မ်ယွန်ဆမ်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

ချွန်ဟာ ကိုးရီးယားကို ဂျပန်တို့သိမ်းပိုက်ထားတဲ့ကာလ ၁၉၃၁ခုနှစ်မတ်လ(၆)ရက်နေ့မှာ အရှေ့တောင်ပိုင်း ဟက်ပ်ချီယွန် ကောင်တီက ချို့တဲ့တဲ့ စိုက်ပျိုးရေးမြို့ကလေးဖြစ်တဲ့ ယူဂေါက်မိုင်ယွန်မှာ မွေးဖွားခဲ့ပါတယ်။

သူဟာ အထက်တန်းကျောင်းပြီးတာနှင့်တပ်ထဲဝင်ခဲ့ပြီး ၁၉၇၉ခုနှစ် တပ်ဦးစီးချုပ်ဖြစ်တဲ့အထိ ရာထူးအဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Ref: Reuters/ YonHap