Published:22 November 2021

မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ်၂ဒသမ၄ဘီလီယံကျော်တန်ဖိုးရှိတဲ့  မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းတွင် နိုဝင်ဘာ ၁၈ရက်က သတင်းအရ ရှာဖွေရာ ၆ဘီး ဆီဘောက်ဆာယာဉ်အတွင်း ဆပ်ပြာခွက်ပေါင်း ၃၃၀၀ထဲထည့်သွင်းယူလာတဲ့ ဘိန်းဖြူ၃၃ကီလို၊စိတ်ကြွရူးသွပ်ဆေးပြား ၂ဒသမ၅၈သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒါတွေဟာ ကာလပေါက်ဈေးအရ ကျပ်ငွေ ၁ဒသမ၂ ဘီလီယံကျော်တန်ဖိုးရှိတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီကားကိုမောင်းနှင်လာတဲ့ အသက်၂၅နှစ်အရွယ် သဲကိုကိုဦး(ခ)သဲကိုနှင့် သူနှင့်အတူလိုက်ပါလာတဲ့ အသက်၄၁နှစ်အရွယ် အောင်မျိုးသန့်(ခ)နှင်းဝေတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အဲဒီနောက်သူတို့ရဲ့ထွက်ချက်အရ နိုဝင်ဘာ ၁၉ရက် နံနက်၈နာရီခန့်မှာ ပူးပေါင်းပါဝင်ခဲ့ကြသူတွေဖြစ်တဲ့ အသက်၃၅နှစ်အရွယ် ဇော်တင့်အောင်(ခ)ထော်ကြီး၊ အသက်၂၉နှစ်အရွယ် ရဲစောနောင်(ခ)ပြူးပြူး(ခ)ငပြူးတို့ကို မတ္တရာမြို့နယ် မြောက်တံငါကျေးရွာအနီးမှာလည်းကောင်း၊ စောမွှေး(ခ)ထွန်းထွန်းဝင်း(ခ)မွှေးနီကို မတ္တရာမြို့ နံသာတောင်ကျောင်းဝင်းလမ်းမှာလည်းကောင်းဆက်လက်ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီသတင်းကွင်းဆက်တွေအရ ဆက်လက်ဖော်ထုတ်ခဲ့တဲ့အခါ နိုဝင်ဘာ ၁၉ရက် နံနက်၉နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊မိုးကြိုးပစ်ကျေးရွာအနီး ရပ်တန့်ထားတဲ့ ၂၂ဘီးတွဲကားထဲမှာ ဆပ်ပြာခွက် ၄၆၀၀ခွက်အတွင်းထည့်သွင်းသယ်ဆောင်လာတဲ့ ဘိန်းဖြူ၄၆ကီလို၊စိတ်ကြွရူးသွပ်ဆေးပြား ၂၇၈၀၀၀တို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။ကာလတန်ဖိုးအားဖြင့် ၁ဒသမ၁၀ဘီလီယံကျပ်ခန့်တန်တယ်လို့မူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒါကြောင့် စုစုပေါင်း ကာလတန်ဖိုး မြန်မာငွေကျပ်၂ဒသမ၄ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းမိတာဖြစ်ပြီး သူတို့ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကနေ စစ်ကိုင်းတိုင်းဒေသကြီးကိုသယ်ဆောင်လာကြတာဖြစ်တယ်လို့ မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။