Published: 21 November 2021

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်ဟာ မသေမချာရှိနေပေမယ့် ဂျပန်က လက်မှုပညာသည်တွေကတော့ သူမပိုင်ဆိုင်တဲ့ ဂျပန်ဓားရှည်ကြီးကို ပြန်လည်ပြုပြင်ခဲ့တာပြီးစီးသွားပြီး တစ်ချိန်ချိန်မှာ သူမကို ပြန်ပေးနိုင်ဖို့ ယုံကြည်ထားကြတယ်လို့ ဂျပန်တိုင်းမ်သတင်းစာက နိုဝင်ဘာ ၂၁ရက်(ဒီကနေ့)မှာ ရေးသားဖော်ြပထားပါတယ်။

ဖေဖော်ဝါရီလမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီဓားရှည်ကြီးကို ပြုပြင်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီယိုမာယူယားမားကို ချည်းကပ်ခဲ့ပါတယ်။ သံအမတ်ကြီးက ဓားအကြောင်းနားလည်တဲ့ နီပွန် ဖောင်ဒေးရှင်း အမှုဆောင် ညွှန်ကြားရေးမှူး ယူဂျီမိုရီကို ပြန်ပြုပြင်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

မိုရီအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြားသိပြီးနောက် “ဒီဓားကို ကူညီပြုပြင်ပေးလိုပါသလား” လို့မေးမြန်းခဲ့တယ် ဆိုပါတယ်။ အဲဒီနောက် နောက်ဆုံးမှာ အဲဒီဂျပန်ဓားရှည်ကြီးဟာ အိုကာယာမာစီရင်စု၊ ဆေတောင်ချီမြို့ထဲက အလုပ်ရုံတစ်ရုံမှာ ပြုပြင်မှုတွေပြီးဆုံးခဲ့တယ်လို့ ဂျပန်သတင်းစာကရေးသားပါတယ်။

အဲဒီဂျပန်ဓားရှည်ကြီးကို ဂျပန်နိုင်ငံရဲ့ အဓိကသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ အဆာဟီရှင်ဘွန်းသတင်းစာကြီးရဲ့ ဥက္ကဋ္ဌက ဂျပန်စစ်တပ်က ဒုတိယဗိုလ်ချူပ်ကြီး ရှိုဂျီယိုအီဒါကို ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက လက်ဆောင်ပေးခဲ့တယ်လို့ နီပွန် ဖောင်ဒေးရှင်းက လေ့လာသိရှိခဲ့တယ်လို့ဆိုပါတယ်။ ရှိုဂျီယိုအီဒါဟာ အဲဒီတုန်းက မြန်မာနိုင်ငံကိုသိမ်းပိုက်ထားတဲ့ ဂျပန်စစ်တပ်ရဲ့ တပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။

အဲဒီနောက် အဲဒီဓားရှည်ကြီးဘယ်ရောက်သွားသလဲဆိုတာ ဘယ်သူမှမသိကြတော့ပဲရှိနေရာကနေ  ဗြိတိသျှအုပ်စိုးမှုကို တွန်းလှန်ပြီး နောက်ပိုင်း ဂျပန်အုပ်စိုးမှုကိုပါ တွန်းလှန်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းပိုင်ဆိုင်ထားတယ်လို့ တဖြည်းဖြည်းချင်း သိလာကြရပါတယ်လို့ ဂျပန်တိုင်းမ်စ်က ရေးသားပါတယ်။

၁၉၄၇မှုလုပ်ကြံသတ်ဖြတ်ခံရတဲ့ ဗိုလ်ချုပ်က သူ့သမီးကို “ဒီဓားကို ဂျပန်စစ်သားတစ်ဦးဆီက လက်ဆောင်ရတာ” လို့ပြောခဲ့ပါတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီမှာ မိုရီဟာ ဓားရှည်ကြီးပြုပြင်ဖို့အတွက်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လူယုံနှင့် ဝန်ကြီးတစ်ဦး ကိုတွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းက ဓားဟာ အတော်ကိုသံချေးတွေတက်နေပါတယ်။ အဲဒါကို ဂျပန်ကို သယ်ယူလာခဲ့တာပါ။ အဲဒီနောက် ဓားရှည်တွေပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ဆေတောင်ချီအလုပ်ရုံတစ်ခုမှာ ပြုပြင်ပေးဖို့ အလုပ် အပ်နှံခဲ့ကြပါတယ်။

၂၀၂၀ပြည့်နှစ်၊အောက်တိုလာလမှာ အသက်၄၉နှစ်အရွယ် လက်မှုပညာသည် ဓားရှည်ပန်းပဲဆရာ တိုမိုနိုဘူယိုကိုယာမားနှင့် သူ့လက်ထောက်တွေ ဟာ ပြုပြင်ရေးအလုပ်တွေစတင်ခဲ့ကြပါတော့တယ်။

အဲဒီဓားရှည်ကြီးကို ဖန်တီးခဲ့သူက ကွယ်လွန်သူ ဓားရှည်ပန်းပဲဆရာ ဆဒတ်ဆူဂူတကာဟာရှီဖြစ်ပါတယ်။ သူဟာ ဂျပန်အစိုးရက အသက်ရှင်လျက်ရှိသော ဂျပန်ရဲ့ ရတနာတစ်ပါး ဆိုပြီး အသိအမှတ်ပြုထားခံရသူဖြစ်ပါတယ်။

ဓားရှည်ကြီးရဲ့အခြေအနေက လက်ခံရရှိချိန်မှာ ကောင်းမွန်စွာ သိမ်းဆည်းခဲ့ခြင်းမရှိတဲ့အတွက် အတော်ကြီး ဆိုးရွားနေ ပါတယ်။ သံချေးတွေက သံအတွင်းသားတွေအထိ လှိုက်စားနေခဲ့ပါတယ်။ ဓားကပျက်စီးနေပါတယ်။

ဓားရှည်ကြီးကိုပြန်ပြုပြင်ပြီးတဲ့အခါ ဓားလက်ကိုင်ကိုပြုပြင်ဖို့ နောက်ထပ်လက်မှုပညာသည် (၃)ဦးဆီ ထပ်မံအပ်နှံခဲ့ပါတယ်။

ပန်းပဲဆရာယိုကိုယာမားရဲ့ အဖိုးဖြစ်သူဟာလည်း ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ရင်း မြန်မာပြည်မှာ သေဆုံးခဲ့ကြ ရပါတယ်။

“ ဒီဓားနှင့်ပတ်သက်ပြီး ထူးဆန်းတဲ့ဆက်သွယ်မှုတစ်ခု ကျွန်တော်ခံစားရတယ်” လို့ ယိုကိုယာမားကပြောပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာယူလိုက်တာသိသော်ငြား ဓားပြုပြင်တဲ့အလုပ်ကိုဆက်လုပ်နေခဲ့ပါတယ်။ ဒီဓားကို ပြန်မပေး ရမှာ သူစိတ်ပူတယ်လို့ဆိုပါတယ်။

အခုတော့ အဲဒီဓားရှည်ကြီးကို နီပွန်ဖောင်ဒေးရှင်းလက်ထဲ နိုဝင်ဘာ(၆)ရက်က အခမ်းအနားနှင့်ပြန်အပ်ခဲ့ပေးပြီးပါပြီ။

“ဓားရှည်ကြီးက အသစ်အတိုင်းပြန်ဖြစ်သွားတာကို ကျွန်တော်အံအားတသင့်ဖြစ်မိပါတယ်” လို့ အသက်၆၈နှစ်အရွယ် မိုရီကပြောပါတယ်။

“ဒီဓားဟာ ဂျပန်နှင့်မြန်မာရဲ့ သမိုင်းမှာ အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေက မရေရာသေးလို့ ဓားရှည်ကြီးကို နီပွန်ဖောင်ဒေးရှင်းကပဲ လောလောဆယ် ဆက်ထိန်း သိမ်းထား ပါဦးမယ်လို့ သူကပြောပါတယ်။

Ref: Japan Times