#LocalNews

Published - 19 Nov 2021

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား(၁၆၅)ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို နှစ်နိုင်ငံတာဝန်ရှိသူများက ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း
ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယူနန်ပြည်နယ် လုံခြုံရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် ကောင်စစ်အရာရှိများသည် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး အထောက်အထားမရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန်ခက်ခဲနေသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာလ ၁၇ ရက်နေ့က ယူနန်ပြည်နယ်ရှိ အန်းနင်ထိန်းသိမ်းရေးစခန်းမှာ သွားရောက်တွေ့ဆုံမှုတွေကို ပြုလုပ်ခဲ့တာပါ။

ထိုသို့ သွားရောက်တွေ့ဆုံစဥ် အဆိုပါစခန်းမှာ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား စုစုပေါင်း(၁၆၅)ဦးအနက် အမျိုးသား (၁၀၅)ဦး၊အမျိုးသမီး(၆၀)ဦးတို့အား မြန်မာနိုင်ငံသားများအဖြစ် စိစစ်အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

ယူနန်ပြည်နယ်၊အန်းနင်ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူနန်ပြည်နယ် လုံခြုံရေးဌာန၏ သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကျန်းမာရေးဌာနအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးတို့အား ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားတို့အား နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

#Yangon_Media_Group