#LocalPolitics

Published - 17 Nov 2021

တပ်မတော်နဲ့ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေ၊တပ်မတော်နဲ့ချင်းပြည်နယ်လက်နက်ကိုင်တပ်ဖွဲ့တို့ကြားတိုက်ပွဲပြင်းထန်လာမှုကြောင့်နိုဝင်ဘာလအစပိုင်းမှာ ချင်းပြည်နယ်မတူပီ၊ ထန်တလန်နဲ့ပလက်ဝမြို့နယ်တွေမှာလူဦးရေ၅,၂၀၀ခန့်ဟာ ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိင်းရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ၂၆ရက်မှနိုဝင်ဘာ၈ရက်နေ့ကြားမြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေ များပြားလာကာပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလူပေါင်းများစွာဟာအိန္ဒိယနိုင်ငံထဲထွက်ပြေးဝင်ရောက်ခဲ့ပြီးဖေ‌ဖေါ်ဝါရီလကတည်းကဆိုရင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးသူတွေ စုစုပေါင်း၁၅,၀၀၀ ကျော်ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်
ချက်မှာဖော်ပြထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ လူ ၈,၂၀၀ခန့်ဟာထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီးအဆိုပါတိုင်းဒေသကြီးမှာလည်းရက်သတ္တပတ်နှစ်ခုအတွင်းတိုက်ပွဲရှောင်ထွက်ပြေးသူဦးရေဟာနှစ်ဆကျော်ဖြစ်လာခဲ့ကာ မကွေးတိုင်း‌‌ဒေသကြီး ဆောနဲ့ ဂန့်ဂေါမြို့နယ်တွေမှာလည်း နေရပ်စွန့်ခွာသူ၊ လုံခြုံရေးအခြေအနေတိုးတက်လာ၍ နေရပ်ပြန်လာသူများရှိနေတယ်လို့သိရပါတယ်။ချင်းပြည်နယ်၊မကွေးနဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် မေလကတည်းက လူဦးရေ ၄၉,၇၀၀ ခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ယခင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၆,၃၄၀ ခန့်ဟာချင်းပြည်နယ်ပလက်ဝမြို့နယ်ကယာယီစခန်းတွေမှာဆက်လက်နေထိုင်ရကာ ချင်းပြည်နယ်ထဲကနေရပ်ရွှေ့ပြောင်းလာရသူတွေ၊ လက်ခံလူထုအသိုင်းအဝိုင်းတွေမှာ အစားအစာ၊ လောင်စာဆီ၊ ဆေးဝါးပြတ်လတ်မှုတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေအတွက် အကူအညီလိုအပ်နေသူတွေဆီသွားရောက်နိုင်ဖို့ခက်ခဲလျက်ရှိပြီးဒေသခံအကူအညီပေးသူများကတဆင့်သာအကူအညီတွေပေးအပ်နေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး အဖွဲ့ကထုတ်ပြန်ထားပါတယ်။