Published 17 Nov 2021

အမေရိကန်သတင်းထောက် ဒန်နီဖန်စတာဟာ မြန်မာနိုင်ငံမှာ ငါးလကျော်ကြာ အကျဉ်းချခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ပြီး နိုဝင်ဘာ ၁၆ရက် အင်္ဂါနေ့မှာ မိသားစုများနှင့်ပြန်လည်ဆုံတွေ့ရပြီဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနကပေးပို့သော သတင်းတစ်ပုဒ်မှာ အသက်၃၇နှစ်အရွယ် ဖန်စတာဟာ ထောင်ထဲမှာတုန်းက အကျဉ်းသားတစ်ဦး သူ့ကို အမှတ်တရပေးခဲ့တဲ့ အနီရောင်သိုးမွှေးခေါင်းစွပ်ကလေးကို ဆက်ပြီး ဝတ်ဆင်ထားဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။

သူ့ကို သူမိဘနှစ်ပါးနှင့်မိသားစုဝင်တွေက အမေရိကန်ပြည်ထောင်စု၊နယူးယောက်က ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။ သူဟာ ထောင်ဒဏ်၁၁နှစ်ကျခံရအပြီး သုံးရက်အကြာမှာ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

လေဆိ့ပ်မှာ သူ့ဖခင်ဘတ်ဒီ၊မိခင်ရို့စ်၊အစ်ကိုဘရိုင်ရန်တို့က ကြိုဆိုခဲ့ကြတာပါ။သူတို့ဟာ ဒက်ထရွိက်ရဲ့ ဆင်ခြေဖုံးဒေသကနေ လာကြတာပါ။

ဖန်စတာဟာ နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချတ်ဆန်နှင့်အတူပြန်လာကြတာပါ။

သူ့ကိုလွတ်မြောက်အောင် လှုပ်ရှားပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်းနှင့်  သတင်းထောက် ၄၇ဦးအပါအဝင် ထောင်ထဲမှာဆက်အထိန်းသိမ်းခံနေရသူတွေ အတွက် ဆက်ပြီး မီးမောင်းထိုးပြသွားမယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သူ့ကို ညှင်းပန်းနှိပ်စက်တာတွေမရှိပဲ သူဟာ အင်းစိန်ထောင်ထဲမှာ စာဖတ်လိုက်၊ဝင်းကလေးထဲမှာ လမ်းလျှောက်လိုက်နှင့် နေခဲ့တယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံက ဖရွန်တီယာမဂ္ဂဇင်း သူ့အလုပ်ရှင်ကိုတော့ သူအဲဒီမှာ ဆက်ရှိနေတုန်းပဲလားဆိုတာကို မမေးမိခဲ့ဘူးလို့ သူက နောက်ပြောင်ပြောဆိုတယ်လို့ ရိုက်တာကရေးပါတယ်။

သူ့ကိုသွားခေါ်လာတဲ့ ရစ်ချတ်ဆန်က သူ့အနေနှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် လေးကြိမ်တွေ့ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနှင့် ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကိုပေးဖို့ကိစ္စ တိုးတက်မှုတွေရရှိခဲ့တယ်လို့ ပြောပါတယ်။ သူ့အနေနှင့် ဒန်နီလွတ်မြောက်ရေးအတွက် ဘာမှအပေးအယူမလုပ်ခဲ့ရဘူး။ သူတို့ကလည်း ဘာမှမတောင်းဆိုဘူးလို့ ဘီလ်ရစ်ချတ်ဆန်က နယူးယောက်အရောက်မှာ သတင်းထောက်တွေကိုပြောပါတယ်။

Ref: AP/Reuters