Published 14 Nov 2021
မကွေးတိုင်း၊နတ်မောက်မြို့မဈေးကြီးမီးလောင်မှုကြောင့် ဆိုင်ခန်း ၂၀၀ ကျော် ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။
နိုဝင်ဘာလ ၁၃ ရက် ည ၉ နာရီခွဲအချိန်ခန့်က စတင်လောင်ကျွမ်းခဲ့သော မီးမှာ ည ၁၁ နာရီ ၁၅ မိနစ်မှသာ ထိန်းနိုင်ခဲ့ပြီး ည ၁၂ နာရီခန့်အချိန်မှသာ မီးငြိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အဲဒီဈေးက နတ်မောက်မြို့နယ်ထဲက ကျေးရွာနေပြည်သူတွေ အားထားရတဲ့ ဈေး၊ ရွာကလူတွေက ဒေသထွက်ကုန် သီးနှံတွေ အဲဒီဈေးကို သွားရောင်းကြရတာလေ"ဟု နတ်မောက်ဒေသခံတစ်ဦးက ဝမ်းနည်းစကားဆိုသည်။
အဆိုပါမီးလောင်မှုမှာ ရှို့မီး ဖြစ်ကြောင်း ယူဆပြောဆိုနေကြသော်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကို စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
"မီးလောင်တာကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ကတော့ မီးလောင်သွားတယ်။ ကျွန်တော်တို့က စိစစ်နေပါပြီ။စိစစ်တွေ့ရှိချက်ကို ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်ဗျ"ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ရန်ကုန်တိုင်းမ်ကို ပြောသည်။