Published 13 Nov 2021

ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို ယမန်နေ့ကတည်းကရောက်ရှိနေတယ်လို့ ယင်းနှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်များမှ သိရှိရပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ နစက ဥက္ကဋ္ဌအပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဖို့လည်းရှိနေပါတယ်။ အဲဒီလို တွေ့ဆုံပြီးရင် ရခိုင်ပြည်နယ်ကို ဆက်လက်သွားရောက်မယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ကူညီဆောင်ရွက်ထားတဲ့ စီမံကိန်းအချို့ကိုသွားရောက်ကြည့်ရှုရန်ရှိပြီး အသေးစိတ်အစီအစဉ်တွေကိုတော့မသိရှိရပါဘူး။

အဲဒီ့အပြင် ရန်ကုန်ပြန်ရောက်တဲ့အခါ နိုင်ငံရေးပါတီအချို့နှင့်လည်း သူကတွေ့ဆုံဖို့ရှိနေပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းသား ပါတီအချို့လည်းပါဝင်တယ်လို့ နိုင်ငံရေးပါတီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးမှာ AA နှင့် တပ်မတော်အကြား စေ့စပ်ညှိနှိုင်းခဲ့သူတစ်ဦးအဖြစ်  ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အသိုင်းအဝန်းက အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။