Published-13 Nov 2021

လွှတ်တော်အသီးသီးတွင် တပ်မတော်မှကိုယ်စားလှယ် ၂၅ %ပါဝင်မှုမှာ လက်ရှိအခြေအနေအရ ဆက်လက်တည်ရှိနေသော်လည်း မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင် ယင်းအချိုးအစားကို လျှော့ချသွားမည်ဆိုသည့်ခိုင်မာသည့် ကတိ ပြုမှုကို တပ်မတော်မှပြုလုပ်ပေးရန် လိုအပ်တယ်လို့ ပြည်သူ့ပါတီရဲ့ ရွေးကောက်ပွဲစနစ်ဆိုင်ရာ သုံးသပ်အကြံပြုချက်မှာ ရေးသားဖော်ပြထားပါတယ်။

အဆိုပါအကြံပြုချက်တွင် အမျိုးသားလွှတ်တော်အတွက် PRနှင့် ပြည်သူ့လွှတ်တော်အတွက် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသော ရောနှောပေါင်းစပ်   စနစ် (Mixed System) ထဲမှ (ParallelSystem)ကို ကျင့်သုံးခြင်းဖြစ်သင့်ပြီး မြို့နယ်များ၏ အရေအတွက်ကို မပြောင်း လဲ စေဘဲ၊ လူဦးရေများသော မြို့နယ်များတွင် ပါတီကိုယ်စားပြုမဲ တိုးချဲ့ပြဋ္ဌာန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်မဲဆန္ဒနယ် မြေပြောင်းလဲသတ်မှတ်ခြင်း (Gerrymandering)၊ လူဦးရေရွှေ့ပြောင်းအခြေချခြင်းနှင့် ပတ်သက်သည့် မဲပေးခွင့်ဆိုင်ရာပြောင်းလဲခြင်း စသည့်အစိုးရအုပ်ချုပ်ရေးပိုင်းမှ ပြဋ္ဌာန်းဆောင်ရွက်ချက်များကို ရွေးကောက်ပွဲစနစ်နှင့်ယှဉ်တွဲ၍ သတိပြုပြင်ဆင်နိုင်ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ရောထွေးနေမှုသည်လည်း ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုဖြစ်နိုင်သည့်အတွက်၊ ထိုသို့တစ်ခုနှင့်တစ်ခုရောယှက်နေသော ဥပဒေများကိုပြန်လည်လေ့လာ ပြင်ဆင်ရန်လည်း လိုအပ်တယ်လိုဖော်ပြထားပါတယ်။

ဆက်လက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို ခန့်အပ်သည့်ပုံစံနှင့် သက်တမ်းကို အခြားနိုင်ငံ၏ နမူနာများကိုရယူ၍ အာဏာရအစိုးရနှင့် မပတ်သက်သည့် သီးခြားလွတ်လပ်သောအဖွဲ့အစည်း ပညာရှင်များနှင့်စုစည်းထားသော လွတ်လပ်သည့်၊  နိုင်ငံရေးအရအမှီအခိုကင်းသည့် လူပုဂ္ဂိုလ်များနှင့်ဖွဲ့စည်းသင့်သလို၊  ကော်မရှင်၏ သက်တမ်းကို အစိုးရ၏သက်တမ်းနှင့် တထပ်တည်း မထားဘ သီးခြားသတ် မှတ်ထားသင့်တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် တပ်မတော်မှ လွှတ်တော်အသီးသီးတွင် ၂၅% ရယူထားပြီး၊ PR စနစ်ကြောင့် တစ်ပါတီတည်း အနိုင် မရနိုင်သည့်အခါ ဥပဒေပြုအာဏာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ဗီတိုအာဏာကိုင်စွဲထားရုံသာမက တော့ဘဲ၊ အုပ်ချုပ်ရေးအာဏာအတွက် လက်ရှိအရေးပါသည့် ဝန်ကြီးဌာနသုံးခုအပြင် အစိုးရဖွဲ့စည်းနိုင်ရေးတွင်ပါ တပ်မတော်၏ထောက်ခံမှု အရေးပါလာမည့်အခြေအနေ ပေါ်ပေါက်လာနိုင်တာကြောင့် လက်ရှိမဲဆန္ဒရှင်အများက လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ယုံကြည်မှုကျဆင်းနေသည့်ကာလတွင် အလွန်ကျယ်ပြန့်သိမ်မွေ့သည့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲမှုကို မဆောင်ရွက် သင့်သေးကြောင်း တင်ပြရေးသားထားပါတယ်။