#LocalNews

Published - 11 Nov 2021

ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး Sara Kaba Joseph Nang Zing Htoi Wa အား ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးက ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွက် ထုတ်ပြန်ထားသည်။

အမေရိကန်စစ်ပြန်များနေ့တွင် အမေရိကန်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းမျိုးဆက်အသီးသီးကို မိမိတို့ ဂုဏ်ပြုပါကြောင်းနှင့် မိမိတို့နှင့်အတူတကွ လက်တွဲ၍ တိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်ရဲဘော်ရဲဘက်များကိုလည်း လေးစားဦးညွတ်အပ်ပါကြောင်း ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမြောက်ပိုင်းတွင် အမေရိကန်တပ်များနှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး Sara Kaba Joseph Nang Zing Htoi Wa မှာလည်း အဆိုပါ သူရဲကောင်းများထဲမှ တစ်ဦးအပါအဝင်ဖြစ်ကြောင်း အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကချင်ရိန်းဂျားစစ်သည်တော်ဟောင်းကြီး Sara Kaba Joseph Nang Zing Htoi Wa မှာ အသက် ၉၇ နှစ်အရွယ်ရှိပြီး မကြာသေးမီကမြစ်ကြီးနားမြို့တွင် ကွယ်လွန်ခဲ့ကြောင်းလည်းသိရသည်။

"သူနှင့်ပတ်သက်ပြီး အမှတ်ရစရာတွေကဆက်လက် ရှင်သန်နေမှာပါ"ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ ရုံးထုတ်ပြန်ချက်တွင် ရေးသားထားသည်။ Sara Kaba Joseph Nang Zing Htoi Wa ကွယ်လွန်ချိန် သူ့တွင် ဇနီးသည်နှင့်အတူ သားသမီး ခြောက်ယောက်၊ မြေး ၁၈ ယောက်၊ မြစ် ၂၁ ယောက် နှင့် တီ ၃ ယောက် တို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၎င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်းနိုင်ငံများတို့ ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်များအပြင် အရပ်ဖက်ပစ်မှတ်များကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ နီးပါး သေကြေပျက်စီးခဲ့ရာ အများစုမှာ အရပ်သားများဖြစ်သည်။ စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ( ၁,ဝဝဝ ဘီလီယံ၊ ၁,ဝဝဝ,ဝဝဝ မီလီယံ ) ( ဒေါ်လာသန်းပေါင်း တစ်သန်း ) ခန့်မျှ ကုန်ကျခဲ့ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့ရကြောင်း ဝီကီပီးဒီးယား တွင် ရေးသားထားသည်။

#Yangon_Media_Group