#LocalNews

Published - 11 Nov 2021

ထိုင်းလူမျိုးများနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ပရာကျွတ်ခရိုင် အသီးအနှံနှင့် စားသောက်ကုန်စက်ရုံက မြန်မာလုပ်သား ၅၀၀ ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တာကြောင့် အလုပ်သမားသံအရာရှိရုံးက ဆန္ဒပြမှုဖြေရှင်းဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ပရာကျွတ်ခရိုင်၊ ကွီဘူရီမြို့နယ် (ဘန်ကောက်နှင့် ၄ နာရီခန့်ဝေးကွာ)အသီးအနှံနှင့်စားသောက်ကုန်စက်ရုံ(KuiburiFruitCanningCo.,Ltd)တွင် ထိုင်းလူမျိုးနှင့် မြန်မာလူမျိုးများကို ခွဲခြားဆက်ဆံမှုရှိကြောင်းနဲ့ပတ်သက်ပြီး အလုပ်သမားသံအရာရှိနဲ့ ရှေ့နေဦးအောင်မျိုးသန့်(MOEAF)တို့က နိုဝင်ဘာလ ၉ ရက်နေ့က ကွီဘူရီမြို့နယ် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံး တာဝန်ခံ၊ မြို့နယ်ဉပဒေအရာရှိ၊ မြို့နယ်ကျန်းမာရေးအရာရှိ၊ အလုပ်အကိုင် ဉီးစီးဌာန ကိုယ်စားလှယ်၊စက်ရုံတာဝန်ခံတို့နဲ့သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမား ၇၆၇ ဦး၊ထိုင်းအလုပ်သမား ၆၆၉ ဦး၊လာအိုအလုပ်သမား ၁၅ ဦးနဲ့ ကမ္ဘောဒီးယားအလုပ်သမား ၈ ဦး စုစုပေါင်း ၁,၄၅၉ ဦး အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြရတဲ့အကြောင်းအရင်းမှ ာအလုပ်သမားများက ခွဲခြားဆက်ဆံခံရမှုကြောင့်ဖြစ်ပြီး မြန်မာအလုပ်သမားများက စက်ရုံသို့လာရောက်ရာတွင် ဖယ်ရီဖြင့်သာသွားလာရပြီး ထိုင်းလူမျိုးများက မိမိအစီအစဉ်(လမ်းလျှောက်၊ စက်ဘီး၊ ဆိုင်ကယ်)ဖြင့် သွားလာနိုင်၍ ထိုင်းလူမျိုးများနည်းတူ အခွင့်အရေးရရှိလိုကြောင်း၊ဖယ်ရီဖြင့် ကြိုပို့လုပ်ဆောင်ရာတွင် ဈေးသို့ ပေးမဝင်ကြောင်း၊ စက်ရုံထမင်းစားခန်းမတွင် ထိုင်းလူမျိုးများသာ ဝင်ရောက်စားသောက်နိုင်ပြီး မြန်မာအလုပ်သမားများက ပြင်ပတွင် စားသောက်ရ၍ တန်းတူ အခွင့်အရေးရရှိရန် ဖြစ်ပါတယ်။

အလုပ်သမားသံအရာရှိက စက်ရုံတာဝန်ရှိသူတွေကိုမေးမြန်းပြီး ပြန်လည်ဖြေရှင်းရာတွင် ယခုရက်သတ္တပတ်များအတွင်း ထိုင်းလူမျိုးများအနက် ရောဂါကူးစက်လာသူ ၃ ဉီး ရှိ၍ မြန်မာလူမျိုးများနှင့်ရောနှောပါက ပြန်လည်ကူးစက်လာနိုင်၍ ထမင်းစားဆောင်သို့ ပေးမဝင်ခဲ့ပါကြောင်း၊မြန်မာလူမျိုးများအား ဆိုင်ကယ်ပေးစီးပါက မြို့ပြင်သို့ထွက်ခြင်း၊ဤစက်ရုံအနီးတွင် အခြားစက်ရုံများရှိပြီး မြန်မာလူမျိုးများရှိကာ ရောဂါကူးစက်မှုမြင့်မားနေ၍ အလွယ်တကူသွားရောက်ကြပါက ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာမည်ကို စိုးရိမ်၍ ဆိုင်ကယ်ဖြင့် သွားလာခွင့်အား ကန့်သတ်ထားပါကြောင်း၊ထိုသို့ အကြောင်းအရင်းများရှိကြောင်းကို မြန်မာလူမျိုးများကိုပွင့်လင်းစွာ အသိပေးကြေညာမှုမပြုလုပ်ခဲ့သည့် အားနည်းချက်ရှိပါကြောင်း၊ထိုကြောင့် ဤကဲ့သို့ ပြဿနာဖြစ်ပေါ်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

နှစ်ဖက်ညှိနှိုင်းမှုများအရ မြန်မာအလုပ်သမားများအား တစ်ဝက်က ဖယ်ရီစီး၍ တစ်ဝက်ကိုလမ်းလျှောက်စက်ဘီးစီးပြီး စက်ရုံသို့ လာခွင့်ပြုခြင်းကို ၁ ပတ်စမ်းသပ်၍ လမ်းလျှောက်၊ စက်ဘီးစီးသည့်အုပ်စု၏ RTPCR စစ်ဆေးကာ ရလဒ်ကောင်းမွန်ပါက ဆိုင်ကယ်စီးခွင့်အပါအဝင် အလုံးစုံဖြေလျော့ပေးမည်ဖြစ်ပါကြောင်း၊လတ်တလောတွင်ဈေးဝယ်ယူခြင်းကို စက်ရုံအတွင်း၌သာ ဝယ်ယူစေ၍ ၎င်းတို့ နှစ်သက်သည့် ဈေးရောင်းသူကို RT-PCR စစ်ဆေး၍ သတ်မှတ်ဈေးနှုန်း မပြောင်းလဲစေဘဲ နေ့အဆိုင်း၊ ညအဆိုင်းဆင်းသူအားလုံး ဝယ်ယူခွင့်ရရှိအောင် စီမံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ထမင်းစားခန်းမအား တစ်ဝက်ပိုင်းခြား၍ တစ်ဝက်ကို ထိုင်း၊ တစ်ဝက်ကို မြန်မာ ပေးဝင်စေမည်ဖြစ်ပြီး ထမင်းစားဆောင် ၂ ဆောင်ထပ်မံတိုးချဲ့၍ တစ်ဝက်ကို ထိုင်း၊တစ်ဝက်ကိုမြန်မာပိုင်းခြားပေးမယ်လို့သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group