#LocalPolitics

 

Published 21 October 2021

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စီးပွားရေး အကြပ်အတည်းတွေဖြစ်နေတဲ့ကြားထဲကနေ မြန်မာစစ်တပ်အုပ်စိုးသူတို့အပေါ် စင်္ကာပူနိုင်ငံအနေဖြင့ ယင်းရဲ့ ဘဏ္ဍာငွေကြေးဩဇာအရှိန်အဝါကို စွဲကိုင်ပြီး ဒီမိုကရေစီ လမ်းကြောင်း‌ပေါ်ပြန်ရောက်စေရန် ဖိအားပေးနိုင်စွမ်းရှိကြောင်း အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောကြားလိုက်တယ်လို့ ရိုက်တာကရေးပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နေက တယ်လီကွန်ဖရင့်စနစ်ဖြင့် ပြောကြားရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒါရက်ချိုလက်က မြန်မာနိုင်ငံဟာ အာရှရဲ့အလယ်ဗဟိုမှာ ကျရှုံးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တြ့ အန္တရာယ်ရှိ လာနိုင်တဲ့အလျောက် ဒေသတွင်းက နိုင်ငံတွေနှင့်မိတ်ဖက်ပူးပေါင်းပြီး မြန်မာကို ဖိအားပေးဖို့ဟာ အရေးတကြီးဖြစ်လာ နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်က မြန်မာစစ်တပ်အုပ်စိုးသူတွေနှင့်နှီးနွယ်နေတဲ့ တစ်ဦးချင်းစီနှင့် လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုလုပ်သလို စင်္ကာပူအနေနှင့်လည်း အဲသလိုမျိုးအရှိန်အဝါကို ပိုင်ဆိုင်ပါတယ်လို့ ချိုလက်ကပြောပါတယ်။

 

“ စင်္ကာပူဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ကျွန်တော်တို့က ကျွန်တော်တို့ရဲ့မိတ်ဖက်တွေနှင့် ဒီနေရာမှာ အင်မတန်ကောင်းမွန်တဲ့‌ ဆွေးနွေးမှုတွေလုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တင်ပေးဖို့ လိုအပ်တဲ့ အရှိန်ဩဇာမှန်သမျှ ဆောင်ကြဉ်းကြဖို့ ကျွန်တော်တို့ အတူတကွဆက်လုပ်ကြမယ်” လို့ သူကပြောပါတယ်။

 

သူဟာ ထိုင်း၊စင်္ကာပူနှင့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတွေနှင့် တွေ့ဆုံခဲ့တဲ့ သုံးရက်ခရီးအပြီးမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့က သူဟာ စင်္ကာပူက ငွေကြေးအာဏာပိုင်အဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာ ငွေကြေးပိုင်ဆိုင်မှုတွေကို ရယူတာကို ကန့်သတ်ဖို့နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ သူကတွစ်တာမှာရေးခဲ့ပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီကိစ္စတွေနှင့်ပတ်သက်လို့ ရိုက်တာသတင်းဌာနကို လက်ငင်းတုန့်ပြန်မှုမပေးသေးပါဘူး။

စင်္ကာပူဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအကြီးဆုံးအရင်းအမြစ်အဖြစ် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ရပ်တည်နေခဲ့ပါတယ်။ အကြံပေးအဖွဲ့တွေက စစ်အစိုးရကို ဖိအားပေးဖို့ စီးပွားရေးဆက်ဆံမှုတွေဖြတ်တောက်ဖို့ တောင်းဆိုနေကြပါတယ်လို့ ရိုက်တာကရေးပါတယ်။

 

ဒေသအတွင်းမှာ သူ့ပြောဆိုဆွေးနွေးချက်တွေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီပြန်တည်ဆောက်ဖို့ရာမှာ ကူညီကြဖို့၊ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နှင့် အမေရိကန်သတင်းစာဆရာ ဒန်နီဖင်စတာလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အတွက် နိုင်ငံတွေနှင့် အတူလက်တွဲဆောင်ရွက်တဲ့အကြောင်းတွေဖြစ်တယ်လို့  ချိုလက်က ပြောပါတယ်။

 

ပြီးခဲ့တဲ့အပတ်က အရှေ့တောင်အာရှနိုင်ငံတွေက ယင်းရဲ့ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရကို ချန်ထားခြင်းဟာ နိုင်ငံတကာဖိအားက မြန်မာစစ်အစိုးရအပေါ် ဘယ်လိုဖိအားပေးနိုင်တယ်ဆိုတာ နမူနာပြသနေတာပဲဖြစ်တယ်လို့ သူကပြောဆိုကြောင်း ရိုက်တာကရေးသားပါတယ်။

Source: Reuters