မောင်ထင်

+++++++++++++++++++

ဆီမီးငယ်တဲ့ ထိန်ထိန်။

အိုင်မင်း ရေကြည်က

ကြာငါးမည် ငုံအာစွင့်တယ်

ဖူးပွင့်ခါချိန်။

အသဝနီ ယှဉ်ကာချဉ်းပါလို့

လင်းလာတဲ့ ငွေတာရိန်ရယ်

ပြာမှိန်လျက် မြူခြဆိုင်း။

ဂါရဝေ

သက္ကစ္စံ ပဏာမေဖြင့်

သဒ္ဓါခြွေ ကန်တော့ပွဲကိုလ

မစဲပေါင် ကုသိုလ်ကို နှိုးကြတယ်

မျိုးမြန်မာ့တိုင်း။

 

ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီရှေးက အရပ်တစ်ပါးသို့ ဒေသစာရီ ကြွချီမြဲအတိုင်း ကြွချီတော်မူ၏။ ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း၉၀ သီတင်းပြည့်၍ကျွတ်လွတ်သောကြောင့် ဝါကျွတ်သည်ဟု ခေါ်ဆိုကြ၏။ ထိုသို့ သီတင်းဝါလ ကျွတ်သောအခါ သက်ငယ်တို့သည် သက်ကြီးရွယ်ကြီး လူကြီးမိဘ ဆရာသမားတို့ထံ အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ကြ၏။ ဗုဒ္ဓ ဘာသာ တိုင်းရင်းသားတို့ကား ဆရာ ဘုန်းတော်ကြီးများ သီတင်းသုံးရာ ကျောင်းအရာမ်သို့ သွားရောက်၍ ပန်း၊ ဆီမီး၊ လှူဖွယ်ဝတ္ထု အမျိုးမျိုး တို့ကိုလှူဒါန်းပူဇော် ကန်တော့ကြ၏။

 

ရှေးမြန်မာဘုရင်တို့၏ လက်ထက်၌ ဘုရင်နှင့် မိဖုရားတို့၏ ကန်တော့ခံပွဲများကို နန်းတွင်းနန်းပြင်တို့၌ ကျင်းပလေ့ရှိကြသည်။ ဘုရင်နှင့် မိဖုရားတို့သည် သီတင်းကျွတ်လပြည့်နေ့တွင် အဌင်္ဂသီလကို ဆောက် တည်၍ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့တွင် မင်းညီမင်းသား၊ မင်းဆွေမျိုးများ၏ ကန်တော့ခြင်းကို ရှေးဦးစွာ နန်းတွင်း၌ ခံယူကြသည်။

 

ထို့နောက် ဘုရင်မင်းမြတ်သည် တုရင်မကိုဋ်တို့ကိုဆင်မြန်း ၍ မြို့တော်တွင်းသို့ လှည့်လည်ပြီးလျှင် တိုင်းသူပြည်သားတို့၏ ကန်တော့ခြင်းကို ခံယူပြန်သည်။ မြို့တွင်းမှ နန်းတွင်းသို့ ဘုရင်မင်းမြတ် ပြန်ဝင်တော်မူသောအခါ ဘုရင်နှင့်တကွ မိဖုရားခေါင်ကြီးသည် မှုထမ်းရာထမ်းတို့၏ ကန်တော့ခြင်းကို ခံယူပြန်သည်။ ထိုမှတဖန် ဘမယာသနပလ္လင်သို့ မင်းနှစ်ပါးကြွချီတော်မူသောအခါ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတို့က ကန်တော့ကြပြန်သည်။ ထိုအခါ ထို ပဒေသရာဇ်မင်းတို့က ရွှေပန်းပေါက်ပေါက်ဟု ခေါ်ဆိုသော ရတနာ ရွှေ၊ ငွေ၊ စိန်ကျောက်တို့ကို ဆက်သ ပူဇော်ကြသည်။

 

ထို့ပြင် ညချမ်းချိန်ခါ၌ မြို့ရွာတစ်ဝန်း မီးထွန်းပွဲတော်ကြီးကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။ ထိုမီးထွန်းပွဲကို မြင်းမိုရ်ပွဲဟူ၍လည်းကောင်း၊ တာဝတိံသာပွဲ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။

 မြင်းမိုရ်ပွဲ ဖြစ်ပေါ်လာရခြင်းမှာ မြတ်စွာဘုရားသခင်သည် ဝါတွင်းသုံးလပတ်လုံး တာဝတိံသာနတ်ရွာ၌ သီတင်းသုံး၍ မယ်တော်သန္တုဿီတ နတ်သားအား အဘိဓမ္မာဒေသနာကို ဟောကြားတော်မူပြီးလျှင် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ သက်ဆင်းတော်မူခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင်  မြတ်စွာဘုရား လူ့ပြည်သို့သက်ဆင်းသည်ကို ရည်စူး၍ မင်းရင်ပြင်တွင် မြင်းမိုရ်တောင်ကို ကိုယ်စားပြုသော မြင့်မားသော ပြာဿဒ်ကြီးကို ဆောက်လုပ်၍ လှေကားသုံးသွယ် ဆင်ယင်ပြီးလျှင် ဆီမီးထွန်းပွဲ ပူဇော်ကြသည်။

 

ဤကန်တော့ပွဲနှင့် ဆီမီးထွန်းပွဲတို့၏ အခြေခံ အနက်အဓိပ္ပာယ်ကိုကြည့်လျှင် ရဟန်းသံဃာတို့၏ ပဝါရဏာပြုခြင်းကိစ္စနှင့် မြတ်စွာဟောကြားသော အဘိဓမ္မာအခါတော်နေ့၏ ထူးမြတ်သော ဝိသေသကို တွေ့ရပါလိမ့်မည်။ အဘိဓမ္မာအခါတော်နေ့နှင့် စပ်လျဉ်း၍လည်း ရှေးဦးစွာ တာဝတိံသာ၌ မြတ်စွာဘုရား တန်ခိုးပြာဋိဟာပြခြင်း၊ အဘိဓမ္မာတရားကို ဟောတော်မူခြင်း၊ ပဝါရဏာပြုခြင်း၊ တာဝတိံသာမှ ဆင်းသက်ခြင်း၊ လူနတ်ဗြဟ္မာတို့၏ ပူဇော်သက္ကာရပြုခြင်း၊ လောကဝိစရဏတန်ခိုးတော် ကြောင့် သတ္တဝါအပေါင်းတို့သည် စကြာဝဠာတစ်ဝန်းလုံးကို တိုးလျှို ပေါက်မြင်ကြရခြင်း တည်းဟူသော အဖြစ်တို့သည် အံ့ဖွယ်သရဲ ဖြစ်ပေသည်။

 

ဤကဲ့သို့ ထူးခြားသော သ ဘာဝကြောင့် သီတင်းကျွတ်ပွဲတော်သည် လွန်စွာစည်ကားသိုက်မြိုက်စွာ ဆီမီးပူဇော်ကြရာဝယ် ကုသိုလ်ကောင်းမှု ပြုကြရသဖြင့် ဤပွဲသဘင်ကို ဆင်ယင်ကျင်းပသူတို့သည် အပြစ်ကင်းစင်သော ပျော်ရွှင်မှုကို ရကြလေသည်။

 

အထက်တွင် ဝါကျွတ်ခြင်း အ ကြောင်းကို ဆိုခဲ့သည်။ သို့ရာတွင် ဝိနည်းအလိုမှာ သီတင်းကျွတ် လပြည့်ပြီ ဆိုရုံမျှနှင့် ဝါကျွတ်ပြီဟု မယူဆရသေး။ ရဟန်းသံဃာတို့အတွက် ပဝါရဏာပြုပြီးမှသာ ဝါကျွတ်သည်ဟု ခေါ်ရသည်။ ပဝါရဏာဆိုသည်မှာ ရဟန်းတော်တို့အချင်းချင်း ဖိတ်ကြားခြင်းဖြစ်၏။ တစ်နည်းဆိုသော် ပန်ကြားခြင်းလည်းဟူ၏။ ရှေးဦးစွာ မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲပခုံးပေါ်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင်ပြီးလျှင် လက်အုပ်ချီလျက် “အရှင်တို့၊ သံဃာကို ဖိတ်ကြားပါ၏။ အရှင်တို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုမြင်လျှင် ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ အပြစ်ရှိလိမ့်မည်ဟု ယုံမှားသံသယ ရှိလျှင်ဖြစ်စေ အကျွန်ုပ်တို့အား အစဉ်သနားသည်ကို အကြောင်းပြု၍  ပြောဆိုကြကုန်လော့၊ အပြစ်မြင်သည်ရှိသော် ထိုအပြစ်ကို အကျွန်ုပ်ကုစားပါအံ့” ဟုဆို၍ သုံးကြိမ်တိုင်တိုင် ဖိတ်ကြားရသည်။

 

ထို့နောက် အစဉ်အတိုင်း သီတင်းငယ်သော ရဟန်းတို့ကလည်း အထက် နည်းတူ လက်အုပ်ချီကာ ‘အရှင်ဘုရားတို့၊ သံဃာကို ဖိတ်ကြားပါ၏’သုံးကြိမ်သုံးခါရွတ်ဆို၍ ‘အပြစ်ရှိလျှင် ပြောကြပါ’ဟု အချင်းချင်း အပြန်အလှန် ဖိတ်ကြားရသည်။ သဘောအဓိပ္ပာယ်မှာ သံဃာတော်အချင်းချင်း အပြစ်တွေ့မတွေ့ ဝေဖန်ပြောဆို၍ အပြစ်တွေ့လျှင် အပြစ်ပြေပျောက်စေရန် ဝိနည်းတော်အတိုင်း ဆောင်ရွက်နိုင်ကြစေဖို့ ဖြစ်သည်။ ဤကဲ့သို့ သံဃာတော်အချင်းချင်း အပြစ်မြင်မမြင် ဝေဖန် ပြောဆို၍ အပြစ်ကင်းစင်စေရန် ဆောင်ရွက်ကြခြင်းသည် သံဃာတော်၏ သုပ္ပဋိပန္နောဂုဏ်ကို လက်တွေ့ကျင့်သုံးခြင်းပင်ဖြစ်သည်။ ဤဓလေ့သည် ဗုဒ္ဓသာသနာတော်၏ ထူးကဲမွန်မြတ်သော ဓလေ့ကြီးတစ်ရပ် ဖြစ်ပေသည်။

 

ထို့ကြောင့် အချို့သောပညာရှိတို့က လူဝတ်ကြောင်တို့သည် ဤအစဉ်ကိုလိုက်၍ ငယ်သူက ကြီးသူကိုလည်းကောင်း၊ လူအပေါင်းတို့က မိဘဆရာသမား ရဟန်းတော်များကိုလည်းကောင်း မိမိတို့၌ အပြစ်ရှိခဲ့သော် ထိုအပြစ်တို့မှ ပပျောက်ရန် ကန် တော့ပါ၏ဟုဆို၍ ကာယကံမြောက် ကန်တော့ကြသော ပွဲတော်ကြီးပေါ် ပေါက်သည်ဟု ဆိုကြသည်။ အဘိဓမ္မာတရားကို ဟောကြားတော်မူသော မြတ်စွာဘုရားသခင်ကိုလည်း ရည်စူး ၍ ဆီမီးထွန်းညှိပူဇော်ကြသည်ဟူ၍ လည်း ဆိုကြသည်။ ယခုခေတ်၌ ကား အဘိဓမ္မာ အခါတော်နေ့တွင် အဘိဓမ္မာကို ရွတ်ဖတ်ခြင်း၊ လေ့လာခြင်း၊ အမေးအဖြေပြုခြင်း၊ စာပြန်ပွဲကျင်းပခြင်း စသည်တို့ကို ရှေးကထက် တစ်မူထူးခြား၍ ဆောင်ရွက်လျက်ရှိနေကြသည်။

 

သီတင်းကျွတ်ပွဲတော်များတွင် ရှေးခေတ်က စာဆိုတော်မယ်ခွေ၏ အဲချင်းပါစကားအရ ‘ရွှေဆင်လှူတဲ့ မီးပူဇော်ပွဲ’ လည်းရှိကြောင်း ဦးသော်ဇင် က ဖွင့်ဆိုထားသော အချက်ရှိသည်။  လောကဗျူဟာကျမ်းခေါ် အင်ရုံစာတမ်း၌ ယင်းရွှေဆင်လှူပွဲအကြောင်းကို ရေးသားထားသည်။ သီတင်းကျွတ် လဆန်း၈ရက်နေ့တွင် ရာဇာမဏိဠူလာဘုရားကို ပူဇော်ရန် ရွှေဆင်ရုပ် လေးစီးကို ပြုလုပ်ရသည်။ လဆန်း ၈ရက်နေ့ညမှစ၍ လပြည့်နေ့နံနက် တိုင်အောင် ရွှေဆင်တော်နှင့်တကွ ဆီမီးတို့ကို ဘုရားမှာ ထွန်းညှိပူဇော် သည်။ ဤနည်းတူ အခြားသောတန် ခိုးကြီးဘုရားများ၌လည်း ဆီမီးပူဇော်ပွဲများကို ကျင်းပကြသည်။ ဤဓလေ့သည် သက္ကရာဇ် ၉၉၀ပြည့်တွင်နန်းတက်သော သာလွန်မင်းတရားကြီး လက်ထက်တော်မှ စတင်ပေါ်ပေါက်သည်ဟု ဆိုသည်။ မြင်းမိုရ်ပွဲနှင့် ရွှေဆင်လှူပွဲသည် သီတင်းကျွတ်လအတွင်း ဆိုင်ရာဆိုင်ရာ နေ့ရက်များတွင် တစ်ပြိုင်တည်းကဲ့သို့ ကျင်းပခဲ့ဟန်တူသည်။

 

ရဟန်းသံဃာသည် ဝါတွင်းသုံးလပတ်လုံး ကျောင်းအရာမ်မှမခွါဘဲ ရဟန်းကျင့်ဝတ်သီလကို တည်ဆောက်သည်။ ထိုအစဉ်အလာကိုမှီး၍ လူ ဝတ်ကြောင်တို့ကလည်း ထိုဝါတွင်းသုံးလ၌ ထိမ်းမြားမင်္ဂလာပြုခြင်းကို ရှောင်ကြဉ်၍ သီတင်းသီလနှင့် မွေ့လျော်ကြသည်။ သီတင်းဝါလကျွတ်သောအခါ၌မူကား လူတို့၏ ဓလေ့အတိုင်း အိမ်ရာထောင်ထားခြင်းကို ပြုကြသဖြင့် သီတင်းကျွတ်လျှင် မင်္ဂလာပွဲများ ကျင်းပလေ့ရှိကြသည်။

 +++++++++++++++++++++++++++

 ပါရမီစာပေမှထုတ်ဝေခဲ့သော ဆရာမောင်ထင်၏ “ မြန်မာဆယ်နှစ်လအကြောင်း” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။