#LocalPolitics

Published 17 October 2021

ဒေသတွင်းမဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပေါ်နေချိန်တွင် အာဆီယံ၏ အစဉ်အလာကောင်းများဖြစ်သည့် မတူကွဲပြားမှုများကိုအခြေခံပြီးအာဆီယံ၏ စည်းလုံးညီညွှတ်မှုကိုတည်ဆောက်ခဲ့မှုနှင့် မတူညီမှုများကိုဆွေးနွေးတိုင်ပင်ပြီး တူညီဆန္ဒဖြင့်ဆောင်ရွက်မှုများကို ပစ်ပယ်ခဲ့ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွှတ်မှု၊ ဗဟိုပြုမှုကိုထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်မည်ဟု နစကနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ယမန်နေ့က အာဆီယနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ်ကို အွန်လိုင်းဖြင့်ကျင်ပပြီး မြန်မာနိုင်ငံမှ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးအဆင့်မဟုတ်သူတစ်ဦး non-political figure တစ်ဦး ကိုယ်စားပြုတက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် မြန်မာနစကနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာချက်ထုတ်၍ တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

 

အောက်တိုဘာလ၁၆ရက်နေ့ ညပိုင်းထုတ်ပြန်တြ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ သွားရောက်ရန် ၎င်း၏ခရီးစဉ်ကို မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပြောကြားချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့လာရောက်မည့် ပထမဆုံးခရီးစဉ်ဖြစ်မြောက်ရေးအတွက် မြန်မာဘက်မှအထူးကိုယ်စားလှယ်နှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကိုထည့်သွင်းစဉ်းစားပြီး ခရီးစဉ်အောင်မြင်စေရေးနှင့် အပြုသဘောရလဒ်များ ရရှိစေရေးအတွက် အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်မည့် ၎င်း၏ပထမဆုံးခရီးစဉ်တွင် မြန်မာနှင့်နှစ်ဖက်ယုံကြည်မှုရရှိရေးကို အလေးပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင်အစည်းအဝေးတွင် မကြာမီကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှကိုယ်စားပြုတက်ရောက်မည့်ကိစ္စနှင့် တက်ရောက်ပါက မည်သည့်အဆင့်တက်ရောက်ရန်ကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။

အာဆီယံအစည်းအဝေးများတက်ရောက်ရေးနှင့် ကိုယ်စားပြုမှုကိစ္စပြောကြားချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းကိစ္စကိုဆွေးနွေးရန်အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားခြင်း မရှိသဖြင့် ဆွေးနွေးရန် မလိုအပ်ကြောင်း၊ လက်ရှိမြန်မာအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အာဏာကို ရယူကျင့်သုံးနေသည့် အစိုးရဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ အုပ်ချုပ်နေမှုအပေါ် ဥပဒေကြောင်းအရ မေးခွန်းထုတ်ရန် အကြောင်းမရှိကြောင်း၊ ယခုကိစ္စနှင့်အထူးကိုယ်စားလှယ်၏ ခရီးစဉ်ကိုချိတ်ဆက်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း ဖြစ်သဖြင့်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်စေမည်ဖြစ်ကြောင်းနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုအပေါ်မြန်မာမှသဘောမတူကြောင်းနှင့် ယင်းကန့်ကွက်ချက်ကို မှတ်တမ်းတင်ပေးရန် ပြောကြားခဲ့တယ်လို့သိရပါတယ်။

အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြောကြားခဲ့သည့် အာဆီယံအစည်းအဝေးများတက်ရောက်ရေးကိစ္စအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စများနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဌာန်းထားမှု မရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်မိပြီး၊ပြင်းထန်စွာ ကန့်ကွက်တယ်လို့ဖော်ပြပါရှိပါတယ်။