ရန်ကုန်ဩဂုတ် ၁၉
တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး-၂ ဟာဂျီအီရီဝန်နှင့် ဖုန်းဆက်သွယ်တွေ့ဆုံပြီး ဆက်ဆံရေးတွေနှင့် မြန်မာနိုင်ငံအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆင်ဟွာသတင်းအရသိရပါတယ်။ 
 
ရှေးဦးစွာဝမ်ယီဟာ တရုတ်နှင့် ဘရူးနိုင်းနိုင်ငံ၊တရုတ်နှင့် အာဆီယံ အကြား ဆက်ဆံရေးကောင်းမွန်နေတဲ့ အခြေအနေတွေကို ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် တရုတ်နှင့် အာဆီယံဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့အလျောက် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ယုံကြည်တယ်လို့ အီရီဝန်ရဲ့ မြန်မာနိုင်ငံလက်ရှိအခြေအနေအပေါ် အမြင်ကို နားထောင်ပြီးနောက်ဝမ်ယီက ပြောဆိုပါတယ်။ 
 
အာဆီယံမြန်မာအထူးကိုယ်စားလှယ် ခန့်အပ်မှုကို တရုတ်ကြိုဆိုတဲ့အကြောင်းပြောပြီး အီရီဝန်ဟာ အာဆီယံခေါင်းဆောင်တွေ ရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို အာဆီယံနည်းလမ်းနှင့် ထူးခြားတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နိုင်လိမ့်မယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်းကနေ ဆွေးနွေးပြောဆိုရင်း နိုင်ငံရေးအဖြေရှာနိုင်ဖို့ အာဆီယံကိုယ်စားလှယ်အနေနှင့် ကူညီနိုင်လိမ့်မယ်လို့ သူယုံကြည်ပါတယ်လို့ ဝမ်ယီက ပြောပါတယ်။ 
 
ဝမ်ယီက တရုတ်နိုင်ငံရဲ့အကြံပြုချက်တွေကိုလည်း အာဆီယံအထူးကိုယ်စားလှယ်ကို ပြောခဲ့ပါတယ်။ အဲဒါတွေက ပထမအနေနှင့် မြန်မာနိုင်ငံကအဖွဲ့အစည်းအားလုံးနှင့် အကျိုးသင့်အကြောင်းသင့်နှင့် လက်တွေ့ကျစွာ ဆက်သွယ်ဆောင်ရွက်ပြီး ယုံကြည်မှုကို တဖြည်းဖြည်းချင်းတည်ဆောက်ဖို့၊ ဒုတိယအနေနှင့် ကိုဗစ်-၁၉တိုက်ဖျက်ရေးကို ကူညီတာကို ပထမဦးစားပေးဆောင်ရွက်ပြီး အဲဒီအကူအညီတွေရဲ့ ရရှိမှုနှင့်အကျိုးသက်ရောက်မှုအတွက် အာမခံဖို့၊ တတိယအနေနှင့် စိတ်ရှည်ပြီး အလျှော့မပေးဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမြှင့်တင်တာ၊ အစိုးရဆီကနေပြညသသူ့ထံသို့ အစီအစဉ်တကျပြန်သွားဖို့နှင့် ဒီမိုကရေစီလုပ်ငန်းစဉ်တွေပြန်စဖို့အချက်တွေအပေါ် ဆုပ်ကိုင်ထားဖို့၊အဲသလိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအတွက်ရော နိုင်ငံတကာအသိုက်အဝန်းရဲ့ မျှော်လင့်ချက်နှင့်ကိုက်ညီဖို့ရောဆောင်ရွက်ဖို့၊ စတုတ္ထ အနေနှင့် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ပြင်ပနယ်နိမိတ်အင်အားတွေနှင့် ဝင်ရောက်စွက်ဖက်တာတွေကို ဆန့်ကျင်ဖို့ကိစ္စ အမြဲနိုးကြားသတိရှိဖို့၊မြန်မာနိုင်ငံရဲ့ အချုပ်အခြာအဏာပိုင်ဆိုင်မှုနှင့် ပြည်သူတွေရဲ့ ရွေးချယ်မှုအပေါ် လေးလေးနက်နက် လေးစားတန်ဖိုးထားဖို့ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ 
 
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးတဲ့မူဝါဒဟာ အမြဲတစေ မြန်မာပြည်သူအားလုံးကို ဗဟိုပြုထားတယ်၊ မြန်မာနိုင်ငံရဲ့ အရေးတကြီးလိုအပ်နေတာတွေကို နည်းလမ်းပေါင်းစုံနှင့် ကူညီပေးနေတယ်လို့ ဝမ်က အလေးပေးပြောပါတယ်။ 
 
မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့ အရေးကြီးတဲ့ မိသားစုဝင်တစ်နိုင်ငံဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ် အီရီဝန်က အလေးဂရုပြုလိုက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ဆွေးနွေးမှုတွေ ဖြစ်ထွန်းတိုးတက်ဖို့ အာဆီယံရဲ့ သဘောတူညီချက်ငါးချက်ကို ဦးတည်ပြီး အာဆီယံနည်းလမ်းနှင့်အညီ သူတွန်းတွန်းတိုက်တိုက် ဆောင်ရွက်သွားမယ်လို့ အီရီဝန်ကပြန်လည်ပြောကြားပါတယ်။ အကြမ်းဖက်မှုတွေရပ်ဖို့၊ အားလုံပါဝင်မှုကို တိုးမြှင့်ဆောင်ရွက်ဖို့၊ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာအနေနှင့် သူ့ရဲ့ကတိကဝတ်ကို ပိုမိုဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအကူအညီပေးဖို့တွေဖြစ်တယ်လို့ သူကပြောပါတယ်။
 
အာဆီယံအနေနှင့် မြန်မာအရေးကိစ္စမှာ တရုတ်နိုင်ငံရဲ့ဆက်လက်လုပ်ဆောင်နေတဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍကို အာဆီယံက ကျေးဇူးတင်အသိအမှတ်ပြုပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုတဲ့ဆန္ဒရှိပါကြောင်း အီရီဝန်က ပြောခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ 
 
Source: Xinhua