ရန်ကုန် ဩဂုတ် ၁၅
ကိုဗစ်ရောဂါဖြင့်သေဆုံးခြင်း၊သို့မဟုတ် ကိုဗစ်ရောဂါ ရှိမရှိ အတည်ပြုနိုင်ခြင်းမရှိဘဲ သေဆုံးခြင်းတို့နှင့်ပတ်သက်ပြီး ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက်ရာမှာ ကိုဗစ်-၁၉ စည်းမျဉ်းကမ်းသတ်မှတ်ချက်တွေနှင့် အညီဆောင်ရွက်နိုင်ကြရန်အတွက် သာသနာရေးဦီးစီးဌာနရဲ့ သက်ဆိုင်ရာအဖွဲ့အဆင့်ဆင့်တွေက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို လျှောက်ထားတင်ပြခဲ့တယ်လို့ သိရပါတယ်။
 
နစက၊သာသနာရေးဝန်ကြီးဌာနရဲ့ သာသနာရေးဦးစီးဌာနက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး သာသနာရေးမှူးရုံးတွေထံ ဩဂုတ် ၁၂ရက် အကြောင်းကြားစာမှာ အဲသလိုဖော်ပြထားတာဖြစ်ပါတယ်။
 
အဲဒီသတ်မှတ်ချက်တွေကတော့ ကိုဗစ်-၁၉ရောဂါဖြင့်သေဆုံးသူတွေ၊ကိုဗစ်ရှိမရှိ အတည်ပြုနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့သူတွေအတွက် ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းအစဉ်အလာတွေဆောင်ရွက်ရာမှာ
-သံဃာတော် (၃)ပါးထက် မပိုတဲ့ အနည်းဆုံးသံဃာတော်များနှင့်ဆောင်ရွက်ပေးရန်
-ကာယကံရှင် ပုဂ္ဂိုလ်(၃)ဦးထက်မပိုသော အင်အားဖြင့်‌ ဆောင်ရွက်ပေးရန်
-ဆောင်ရွက်သူတွေအားလုံးပါးစပ်နှာခေါင်းစည်း Mask လုံခြုံစွာတပ်ဆင်ပေးရန်
-မျက်နှာဖုံးအကာ face shield တပ်ဆင်ရန်
-လက်အိတ်ဝတ်ဆင်ရန်
-တစ်ပါးနှင့်တစ်ပါး အနည်းဆုံး ခြောက်ပေကွာနေထိုင်ရန်-
ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
 
အဲဒီအချက်တွေကို တိကျစွာလိုက်နာပေးဖို့ သက်ဆိုင်ရာ သာသနာရေးမှူးတွေက နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သံဃနာယကအဖွဲ့များ၊ မြို့နယ်သံဃနာယကအဖွဲ့များ၊ ရပ်/ကျေး သံဃနာယကအဖွဲ့များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ ဩဂုတ်၁၃ရက် နောက်ဆုံးထား လျှောက်ထားခြင်းနှင့်တင်ပြခြင်းများ ဆောင်ရွက်သွားဖို့ အဲဒီအကြောင်းကြားစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ MOHS ကထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ဩဂုတ်လ ၁၄ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူပေါင်း ၃၅၁၆၀၅ ဦးရှိပြီး ၁၃၀၇၈ဦးသေဆုံးခဲ့ကာ အဆိုပါကူးစက်သေဆုံးသူများထဲတွင် သံဃာတော်များလည်း အများအပြားပါဝင်ခဲ့ပါတယ်။