ရန်ကုန် ဩဂုတ်၁၅
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အသီးသီးရှိ စက်ရုံ၊အလုပ်ရုံများမှ လုပ်သားများကို ယနေ့ဩဂုတ်လ၁၅ရက်နေ့မှ စတင်ပြီးကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
 
ကာကွယ်ဆေးထိုးနှံပေးမှုကို ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများကလာရောက်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လုပ်သားများထိုးနှံခွင့်ရရှိမှုအပေါ် အပြည့်အဝအသုံးချဖို့ စက်ရုံတာဝန်ရှိသူတွေကတိုက်တွန်းဆောင်ရွက်နေတယ်လို့သိရပါတယ်။
 
 
"ကာကွယ်ဆေးထိုးနှံကြဖို့တိုက်တွန်းပါတယ်။ အဓိကကတော့ ဘေးကင်းတဲ့လုပ်ငန်းခွင်ဖြစ်မှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုကောင်းလာမှာပါ။ စက်ရုံကလုပ်သားတွေ ပါဝင်ထိုးနှံကြပါတယ်။"လို့ ကျောက်စိမ်းဖိနပ်စက်ရုံရဲ့ အထွေထွေမန်နေဂျာ ဦးဇော်ဇော်အောင်က Yangon Times ကိုပြောပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပထမဦးစားပေးအုပ်စုဖြစ်တဲ့ အသက်၆၅နှစ်နဲ့အထက်များကို ထိုးနှံပေးထားပြီး ဒုတိယဦးစားပေးအဖြစ် ကုန်ထုတ်လုပ်ငန်းတွေက လုပ်သားတွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။