#Local_News
Published_ 27 October 2022
တရုတ်နိုင်ငံကို ပြောင်းတင်ပို့ခွင့်ရရှိထားသည့် မြန်မာကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ (၉)လအတွင်း ပြောင်းဖူးတန်ချိန် (၁၀၀၀) ကျော်ကို တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်အကောက်ခွန် ထွေ/အုပ်အာဏာပိုင်အဖွဲ့(GACC) နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန(မြန်မာ)တို့အကြား ယခုနှစ် ဇန်နဝါရီလတွင် Plant Quarantine Protocol ကို နှစ်နိုင်ငံအစိုးရအချင်းချင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက် တင်ပို့ခွင့်ရရှိခဲ့သည့် တန်ချိန်ပမာဏဖြစ်ကြောင်း သိရသည်။
စီးပွား/ကူးသန်း၏ ဖော်ပြထားသည့်စာရင်းတွေအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့်ကန်ဒေါ်လာသန်း ၅ ဒသမ ၄ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ပြောင်းတွေကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို တင်ပို့နေပြီးယခုနှစ် ပြောင်းရာသီတွင် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) မှာ မှတ်ပုံတင်ထာသည့် ပြောင်းတွေကို နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_27 October 2022
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေကြောင်းငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည့် ဒေါ်လာဈေးကွက်သည် ပြန်လည်တည်ငြိမ်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင်ပြင်ပ ဈေးကွက်မှာတစ်ဒေါ်လာကို အဝယ်ဈေး ကျပ် ၂၉၇၀ ကျပ်ဖွင့်လှစ်ခဲ့ပြီး အရောင်းဈေးမှာတော့ ၃၀၂၀ ကျပ်ဖြင့်ဈေးကွက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာအနေဖြင့် နိုင်ငံတကာ ငွေကြေးဈေးကွက်၏ အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရပြီးနောက် ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးဟာလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ဗဟိုဘဏ်အနေဖြင့် အမည်ပျက်စာရင်းသွင်းခံရမှုအပေါ်စိုးရိမ်မှုမလွန်ကဲစေရန်နှင့် ၎င်းကိုအကြောင်းပြု၍ ဈေးကစားခြင်းပြုလုပ်ပါက အရေးစယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 27 October 2022
ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရေးအတွက် SMART Village စီမံကိန်းကို ယခုနှစ်တွင် မြို့နယ်(၄၂)မြို့နယ်ရှိ ကျေးရွာ(၄၄)ရွာ၌ တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးက ပြောကြားခဲ့တာပါ။ ထို့ပြင် ဦးစီးဌာနက ဆောင်ရွက်ပေးနေတဲ့ ကျေးလက်ရေရရှိရေး၊ ကျေးလက် မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)၊ Cash for Work စီမံကိန်းများသည် ကျေးလက်နေပြည်သူများ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက်အဓိကအရေးပါတဲ့လုပ်ငန်းများဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ပြင်ဝန်ကြီးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး စီမံကိန်း၊ ကျေးလက် အသက်မွေးဝမ်းကျောင်း သင်တန်းများသည်လည်း ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်သည့်အတွက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း လမ်းညွှန်ချက် များကို အမြန်ဆုံးပြီးမြောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှု ပထဆုရရှိ သည့် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ဒုတိယဆုရရှိရသည့် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးနှင့် တတိယဆု ရရှိတဲ့ ကရင်ပြည်နယ်ဦးစီးမှူးတို့ကို ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 27 october 2022
ရခိုင်ပြည်နယ်၊ စစ်တွေပွိုင့်ကမ်းခြေမှာ ရေနစ်ပျောက်ဆုံးခဲ့သည့် ကလေးငယ် ၃ဦးအနက် နောက်ဆုံးကျန်ရှိသည့် ကလေးငယ်ရဲ့ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၂၇ရက်မှာ ပြန်လည်တွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်က စစ်တွေမြို့ရှိ စစ်တွေပွိုင့်ကမ်းခြေအနီးမှာ ရေနစ်ပျောက်ဆုံးသွားခဲ့သည့် ကလေးငယ် ၃ဦးဖြစ်တဲ့ မောင်အောင်လင်းသူ၊ မောင်ဟိန်းထက်ဝင်းနိုင်နှင့် မောင်ဇွဲဘုန်းပြည့်တို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၂၇ရက် နေ့လည် ၁၂နာရီဝန်းကျင်ခန့်၌ နောက်ဆုံးကျန်ရှိတဲ့ ကလေးငယ် မောင်အောင်လင်းသူရဲ့ ရုပ်အလောင်းကို ကျေးတောပိုက်ဆိပ်အနီးမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အသင်းထံမှသိရသည်။
ရေနစ်ပျောက်ဆုံးသွားပြီး ပြန်လည်တွေ့ရှိခဲ့သည့် မောင်အောင်လင်းသူရဲ့ ရုပ်အလောင်းကို စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပြီးခဲ့သော အောက်တိုဘာလ ၂၄ရက်တွင်လည်း ရေနစ်ပျောက်ဆုံးခဲ့ကြသည့် မောင်ဇွဲဘုန်းပြည့်နှင့် မောင်ဟိန်းထက်ဝင်းနိုင်တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_27 October2022
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရတနာဆင်ဖြူတော်ရောက်ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
အဆိုပါ ရတနာဆင်ဖြူတော်အထီးလေးကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် ၃၃နှစ်အရွယ် ဆင်မ ဇာနန်းလှက ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
မွေးဖွားကာစတွင် ဆင်ဖြူတော်ကလေး အရပ်အမြင့်မှာ ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိခဲ့ကာ ယခု အခါ အရပ်အမြင့် ၂ပေ ၉လက်မ၊ ကိုယ်လုံးလုံးပတ် ၄ပေ၊ ကိုယ်အလေးချိန် ၂၆၀ ပေါင်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မွေးဖွားပြီးစဉ်ကတည်းက မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိသည့်အပြင် လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်သည့်အတွက် ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဆင်ဖြူတော်ကလေးတွင် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_27 October2022
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ တောင်တော်ကွင်း ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co.,Ltd က အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ ၂၀၂၂ ခုနှစ် ဧပြီလမှစတင် ဆောင်ရွက်ခဲ့သည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ် (National Grid System) ထဲကို ၁၃၂ ကေဗွီတောင်တော်ကွင်း ဓာတ်အားခွဲရုံကတစ်ဆင့် ဓာတ်အားချိတ်ဆက်နိုင်ဖို့ ဓာတ်အားလိုင်းတွေ တည်ဆောင်ပြီးပါပြီ၊အခု စက်ရုံမှာ IEC Standard နဲ့ကိုက်ညီတဲ့ Bifacial Monocrystalline Silicon PV Module တွေကို တပ်ဆင်ထားပြီး ဆိုလာ Tracking System တပ်ဆင်ထားတာကြောင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်စွမ်းရည် ကောင်းမွန်မှာ ဖြစ်ပါတယ်"ဟု လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူကပြောသည်။
Green Power Energy Co.,Ltd အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သာစည်မြို့နယ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းနှင့် ယခု ၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းတို့အပြင် နောက်ထပ် တိုးချဲ့ဆောင်ရွက်ရန်လည်း ရှိနေကြောင်း လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နည်းလမ်းများကိုသိရှိပြီး အသုံးပြုနိုင်ရန် အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို သွားရောက်လေ့လာမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ပြည်တွင်းဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအား လျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုဆောင်ရွက်နေသည့်အပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_27 October2022
ပုပ္ပါးတောင်ဒေသတွင်ကမ္ဘာ့ဘူမိဥယျာဉ်သတ်မှတ်ခံရနိုင်သည့် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများရှိကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ဖွဲ့စည်းတည်ထောင်မည့် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ဖြစ်မြောက်ရေးနှင့် သစ်တောနယ်မြေပြင်ပတွင် ကျရောက်နေသည့် အဆိုပြု Geosites များနှင့်ဆက်စပ်ခြင်းလုပ်ငန်း၊အမျိုးသားအဆင့်အပြင် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အတွက်ပါ ရည်ရွယ်၍ ဆက်လက် လုပ်ဆောင်မည့်အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO)၏ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီဆောင်ရွက်နေသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေအောက်တွင်ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှ Geosite နေရာ ၁၅ ခုဖြင့် ကနဦးတည်ထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နောင်တွင်သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေပြင်ပတွင်ရှိသည့် Geosite များကိုလည်း ဘူမိဥယျာဉ်၏ Geosites များအဖြစ်ဖော်ထုတ်ကာ ထပ်တိုးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက သိရသည်။
လက်ရှိတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှ နေရာ ၁၅ ခုကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းက ပညာရှင်တွေက စနစ်တကျ ကွင်းဆင်းလေ့လာ ရွေးချယ်ရေး လုပ်ဆောင်နေကြောင်းလည်း၊ အဆိုပါ ကွင်းဆင်းမှု ပြီးစီးပါက ဘူမိနယ်မြေအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1402 of 1957