#Local_News
Published_28 October 2022
YBS ယာဉ်လမ်းကြောင်းတွေမှာ တရားမဝင်ပြေးဆွဲနေတဲ့ လုပ်ငန်းလိုင်စင်မဲ့ကြားကားတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုအားနည်းနေတယ်လို့ YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _ 28 October 2022
ရန်ကုန်ကလေးဆေးရုံကြီးတွင် မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေး ၁၃ ဦးကို မခွဲစိတ်ဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက် (Cardiac Catheterization Laboratory) ကို အသုံးပြု၍ ဘောလုံးဖြင့်ချဲ့ကာ ကုသခြင်း၊ အဆို့ဖြင့်ပိတ်၍ ကုသခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
ယင်းကိုကျန်းမာရေးဝန်ကြီးဌာန ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) နှလုံးကုသဆောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်အတွင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital (1) မှ ကလေးနှလုံး အထူးကုဆရာဝန် Dr. Do Nguyen Tin ၊ ပါမောက္ခဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံး)တို့ ဦးဆောင်သည့် ကလေးနှလုံးရောဂါ အထူးကုဆရာဝန်များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ကလေးနှလုံးရောဂါကုသခြင်းများကို ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကုဆရာဝန်များ၊ နိုင်ငံခြားမှကျွမ်းကျင်သော ကလေးနှလုံးအထူးကုဆရာဝန်များဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လမှ ယနေ့အထိ စုစုပေါင်းနှလုံးရောဂါဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ ပြင်ပလူနာကြည့်ရှုကုသမှုအနေဖြင့် ကလေးလူနာ ၂၆၃၇၀ ကိုလည်းကောင်း၊ နှလုံးပုံရိပ်ဖော်စက်ဖြင့်ကုသမှု (Echocardiogram)ဖြင့် ကလေးလူနာ ၁၄၅၂ ဦးကိုလည်းကောင်း၊ နှလုံးပိုက်သွင်း၍ ကုသမှု(Cardiac Catheterization Procedure) ဆောင်ရွက်ပေးသော ကလေးနှလုံးလူနာ ၆၇ ဦးကိုလည်းကောင်း ကုသမှုများပေးအပ်ခဲ့ကြောင်း လည်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 28 October 2022
တက္ကသိုလ်တစ်ခုခုကဘွဲ့ရရှိပြီးသူတိုင်း ရေကြောင်းပညာတက္ကသိုလ်၏ အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ လျှောက်ထားနိုင်ကြောင်း အဆိုပါ တက္ကသိုလ်က ထုတ်ပြန်လိုက်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အချိန်ပိုင်း ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဒီဇင်ဘာလလ ၁ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သောကြောင့် တက်ရောက်ခွင့်လျှောက်လွှာများကို နိုဝင်ဘာလ ၁ ရက်က စ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း၊ လူဦးရေ ကန့်သတ်ထားသည့်အတွက် လုပ်ငန်းခွင်နီးစပ်မှုရှိသူများကိုသာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာဘ ၁၈ ရက် ရုံးချိန်အတွင်း ပြန်လည်ပေးပိုရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်ကြားမည့် သင်ခန်းစာများမှာ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma in Shipping Management) ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma In Port Management) နှင့် ထောက်ပံ့သယ်ယူပို့ဆောင် ရေးစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma In Transport & Logistics Management) သုံးမျိုးဖြစ်ပြီး သင်တန်းကာလမှာ ၁ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ အတန်းအတွက် သင်တန်းသားဦးရေ ၇၀ ခေါ်ယူမည် ဖြစ်ပြီး ကျန် ဒီပလိုမာတန်း နှစ်ခုကိုမူ သင်တန်းသားဦးရေ ၅၀ စီ ခေါ်ယူမည် ဖြစ်ကြောင်း၊ အရွေးချယ်ခံရသူများအနက် လူတွေ့ဖြေဆိုခွင့်ရသူများအား လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_28 October 2022
အောက်တိုဘာလ ၂၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် အလုပ်သမား ၁၇၃ ဦးကိုထပ်မံစေလွှတ်ခဲ့ကြောင်းဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် (၁၈) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၅၂) ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၃) ဦး၊ စုစုပေါင်း (၁၇၃) ဦးကိုထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁ ရက် မှ ၂၇ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ စုစုပေါင်း ၁၁၇ ဦး တရားဝင် ပို့ဆောင်ထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၏ စာရင်းများကို အခြေခံ၍ ဆိုးလ်မြို့ မြန်မာသံရုံး က ထုတ်ပြန်ထားသည်။
ယင်းအပင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ချက်တွင် မြန်မာ လုပ်သားဟောင်း ၅၀ ကျော် နှင့် ကုန်ထုတ်လုပ်သားသစ် ၈၀ ကျော်ကို လာမည့် နိုဝင်ဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တောင်ကိုရီးယားနိုင်ငံသို သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားအများစုအနေဖြင့် ကုန်ထုတ်လုပ်ငန်း ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း များတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _28 October 2022
နိုဝင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး(၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
နိုဝင်ဘာလအတွင်းတွင် မိုးရွာသွန်းမှုများရှိနေဦးမည် ဖြစ်ပြီးဒေသအချို့တွင် ရွာမြဲအောက်လျော့နည်းနိုင်သလို ဒေသအချို့တွင် ရွာမြဲခန့်ထစ်ချုန်းရွာသွန်းမည် ဟုဆိုသည်၊၊
မိုးရွာသွန်းမှုအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန် ထားသည်၊၊
နိုဝင်ဘာလနံနက်ပိုင်းအချိန်များတွင် ဒေသအချို့၌ မြူများကျရောက်နိုင်ကြောင်း သိရသည်၊၊
မြူအခြေအနေအနေဖြင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_28 October 2022
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းခွင့်ပြုလိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာ ၂၇ ရက်နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် ပါတီဖျက်သိမ်းရန်တင်ပြချက်နှင့်စပ်လျဉ်း၍ ကော်မရှင်မှ အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သူရဦးရွှေမန်းကပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဝင်တွေသည် ပါတီနိုင်ငံရေးဆက်လုပ်ရန် ဆန္ဒမရှိတော့ခြင်း၊ ပါတီခေါင်းဆောင်တွေ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးချို့တဲ့သူများရှိနေခြင်း အစရှိသည့် တခြားအခက်အခဲတွေကြောင့် ပါတီဖျက်သိမ်းရန် တင်ပြရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _28 October 2022
သမားရိုးကျ စာကြည့်တိုက်အရင်းအမြစ်များ တည်ဆောက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားပြီး ဒစ်ဂျစ်တယ်စာပေအရင်းအမြစ်များကို ဖန်တီးရန် အတွက်'မြန်မာနိုင်ငံဒစ်ဂျစ်တယ်စာကြည့်တိုက်တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာမွမ်းမံသင်တန်း'ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
အဆိုပါ သင်တန်းကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စီမံခန့်ခွဲမှု ဗဟိုအကယ်ဒမီမှ တာဝန်ခံကျင်းပပေးပြီးမြန်မာ သင်တန်းသား(၁၅)ဦးတက်ရောက်လျက်ရှိသည်၊၊
သင်တန်းကို အောက်တိုဘာလ( ၂၆ )ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့်ဖွင့်လှစ်ခဲ့ပြီးသင်တန်းကာလ (၁၄)ရက်သတ်မှတ်ထားကာ စမတ်စာကြည့်တိုက်တည်ဆောက်မှု၊ တက္ကသိုလ်စာကြည့်တိုက်ဂေဟစနစ်တည်ဆောက်မှု စသည့်သင်ခန်းစာများ ပါဝင်မည်ဟုဆိုသည်၊၊
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က"" ဒစ်ဂျစ်တယ်စာကြည့်တိုက်တည်ဆောက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော လက်တွေ့ကျသည့်အရေးပါမှု ဖြစ်ကြောင်း၊ ၎င်းသည် အသိပညာစီးပွားရေးအတွက် အရေးပါမှုဖြစ်ပြီး နိုင်ငံ၏ သတင်းအချက်အလက် အခြေခံအဆောက်အအုံ၏ အရေးပါအစိတ်အပိုင်းတစ်ခုဖြစ်ကာ အနာဂတ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၏ ဦးတည်ချက်လားရာကြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုအရင်းအမြစ်များ ကြွယ်ဝကာ ဂန္တဝင်စာပေများ များပြားလှကြောင်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက် ထူထောင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် သမားရိုးကျစာကြည့်တိုက်အရင်းအမြစ်များ တည်ဆောက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားပြီး ဒစ်ဂျစ်တယ်စာပေအရင်းအမြစ်များကို ဖန်တီးရန် အထောက်အကူဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ဒစ်ဂျစ်တယ်စာကြည့်တိုက် တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေး အတွေ့အကြုံများကို မျှဝေလိုပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ရန် ဆန္ဒရှိကြောင်း "ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများမှ သင်တန်းသား ၁၅ ဦး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်၊၊
ဒစ်ဂျစ်တယ်စာကြည့်တိုက်တည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ခေတ်မီအတွေးအခေါ်များနှင့် အကောင်အထည်ဖော်မှုအတွေ့အကြုံများကို မျှဝေပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း၊ သေသေချာချာ လေ့လာသင်ယူအသုံးချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ သင်တန်းသားများက ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1385 of 1942