#Local_News
Published – 2 November 2022
စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီဈေးနှုန်းမှာ မြင့်တက်လာသော်လည်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိကျဆင်းလာကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယခုတစ်ပါတ်တွင် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၂၂၅ ကျပ် သတ်မှတ်ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။
ယခုတစ်ပါတ်တွင် ထုတ်ပြန်ပေးသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ပြီးခဲ့သည့်တစ်ပါတ်ထက် ၅၀ ကျပ်ခန့် တတ်လာသော်လည်း ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။
“စားအုန်းဆီဈေးနှုန်းကတော့ကျလာပြီ။ တစ်ဆိုင်နဲ့တစ်ဆိုင်ဈေးကတော့မတူဘူးပေါ့။ ဒါပေမယ့် အရင်လောက်တော့ ဈေးကမရှိတော့ဘူး”ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါးခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထုတ် ပြန်ထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published_ 2 November 2022
မြန်မာနိုင်ငံတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု (၃၂)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအလှူရှင်(၃၁) ဦး၊ ဦးနှောက်သေလူနာ(၁)ဦးတို့၏ အသည်းလှူတန်းမှုဖြင့် အသည်းအစားထိုးကုသနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊
မြန်မာနိုင်ငံ၌ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ၂၀၀၄- ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ စတင်ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှတွင် အသည်းအစားထိုးခွဲစိတ်ကုသမှု ရှေးဦးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်ဟုဆိုသည်၊၊
ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မြို့တို့၌ အသည်းအစားထိုးခွဲစိတ်ကုသမှု (၃၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ (၃၂)ကြိမ်အနက် (၃၁)ကြိမ်မှာ အသည်းအလှူရှင်များ၏ လှူဒါန်းမှုဖြစ်ပြီး ကျန် (၁)ကြိမ်မှာ ဦးနှောက်သေ(Brain Death)လူနာထံမှ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကအသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားသည်။
၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်မြို့၌ အသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနား (Thanks Giving Ceremony) ကျင်းပပြုလုပ်ခဲ့သည်၊၊
ဒုတိယဝန်ကြီးက "အသည်း အစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲကို (၂၀၁၇)ခုနှစ်၊ (၂၀၁၈)ခု နှစ်၊ (၂၀၁၉)ခုနှစ်တို့တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် (၂၀၂၂)ခုနှစ်မှ စတုတ္ထအကြိမ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အသည်းအစားထိုးခွဲစိတ်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရေး အတွက် လုပ်ငန်းအဖွဲ့များ စနစ်တကျ ဖွဲ့စည်းပြီး ပြည်ပမှ ဆေးပညာရှင်များ ဖိတ်ကြားကာ ပိုမိုတိုးတက် အောင် ဆောင်ရွက်ခဲ့ကြောင်း၊ အသည်းအစားထိုးခွဲစိတ်ကုသ မှုဆောင်ရွက်ပေးခဲ့ကြသည့် ဆေးပညာရှင်များ၏ ကြိုးစားအားထုတ်မှုမှာ အဓိကကျသလို အသည်းအစားထိုး အလှူရှင်များ၏ မွန်မြတ်သောအလှူဒါနအတွက်လည်း အထူးကျေးဇူးတင် ဂုဏ်ယူကြောင်း"ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့၊ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ဆေးရုံအုပ်ကြီးနှင့် အသည်းနှင့်သည်းခြေလမ်းကြောင်းခွဲစိတ်ကုဌာန၊ ပါမောက္ခ/ဌာနမှူးတို့က အသည်းအစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သည့်အခြေအနေများကိုလည်းကောင်း အသည်းအလှူရှင်တစ်ဦးက လှူဒါန်းရသည့်အကြောင်း နှင့် လှူဒါန်းပြီးနောက် ကျန်းမာရေးအခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အသည်းအစားထိုး လူနာတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အသည်းအလှူရှင်များကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ဂုဏ်ပြုပွဲအခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် ကလေးဆေးရုံကြီး(ရန်ကုန်မြို့)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်မြို့)၊ ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်မြို့)နှင့် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသစ်တည်ဆောက် ပြီးစီးသည့် ခုတင် (၁၁၀) ဆံ့ ကုသဆောင်သစ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေရေး လိုအပ်သည်များမှာကြားကာ လူနာများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 2 November 2022
လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်ကာလအတွင်း သကြားတန်ချိန် ၁ သန်းထိတင်ပို့နိုင်ရန် လုပ်ဆောင်နေလျှက်ရှိပြီး အဲဒီ့လိုတင်ပို့နိုင်ရန်အတွက် ပြည်တွင်းရှိ ကြံစိုက်ခင်းများကိုတိုးချဲ့စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း သိရသည်။
တင်ပို့နိုင်ရန် သကြားစက်ရုံလိုအပ်ချက်ရှိနေတာကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာစက်ရုံသစ် ၂ ရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်ရုံသစ် ၂ ရုံ၊ စုစုပေါင်းစက်ရုံ ၄ ရုံ တိုးချဲ့တည်ဆောက်နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစည်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မြန်မာနိုင်ငံဟာနှစ်စဉ် သကြားတန်ချိန် ငါးသိန်းခန့်ထွက်ရှိပြီး ၄ သိန်းခွဲခန့်ကိုပြည်တွင်းမှာ စားသုံးနေပြီး ကျန်ပိုလျှံသည့် သကြားတန်ချိန် ၅ သောင်းကို တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို အဓိကထားတင်ပို့ရောင်းချနေလျက်ရှိသည်။
"သကြားစက်ရုံလိုအပ်ချက်ကြောင့် အဓိကစိုက်ပျိုးနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသကြားစက်ရုံ ၄ ရုံကိုတိုးချဲ့ တည်ဆောက်နေတယ်။ လာမယ့် နှစ်မှာ ၄ခုလုံးပြီးနိုင်ဖို့မျှော်မှန်းထားပါတယ်။ လက်ရှိ ၂ရုံနဲ့ လည်ပတ်နေပါတယ်။ ပြည်ပတင်ပို့မှုအခြေအနေကတော့ လက်ရှိ ပြည်တွင်းစားသုံးတာဖူလုံမှ တင်ပို့တာတွေလုပ်ပါတယ်" ဟု အဆိုပါအသင်းရဲ့တာဝန်ရှိသူမှ ဆိုသည်။
မြန်မာတစ်နိုင်ငံလုံး၌ ခေတ်မီသကြားစက်ရုံကြီး ၂၃ ရုံ၊ အသေးစား၊ အလတ်စားသကြားစက်ရုံ ၁၂၉ ရုံရှိနေကြောင်းလည်း သိရှိရသည်။
ကြံစိုက်တောင်သူပေါင်း ၃ သိန်းကျော်အထက်ရှိနေပြီး ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်လောက်ရှိနေကာ ယခုထက်ပိုမိုတိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေလျှက်ရှိနေကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 2 November 2022
နောင်တက်လာတဲ့အစိုးရလည်း တက်လာချိန်မှာ ကျွန်တော်တို့အစိုးရကို ဝေဖန်လိမ့်မယ်၊ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့အစိုးရတွေကို ဝေဖန်ခဲ့တယ်လို့ နစက ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ (၁) ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ နစကဥက္ကဌက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန များရော၊ ဝန်ကြီးချုပ်များကနေ ပြီးတော့အမြဲတမ်း ထည့်သွင်းစဉ်းစားပြီးတော့မှ ဦးစားပေးအနေနဲ့ စားရေရိက္ခာပေါများရေး၊ ထွက်လာတဲ့ဟာများများရောင်းရလို့ရှိရင် တိုင်းပြည်ဝင်ငွေရရင် တိုင်းပြည်သာယာ ဝပြောမှုဖြစ်မှာပဲ။ တိုင်းပြည်သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရား ဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်၊ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန် ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည်အတွက်ဖြစ်သင့်တဲ့ ရည်မှန်းချက်ပါ။ တိုင်းပြည် သာယာဝ ပြောရေးနဲ့ စားရေရိက္ခာပေါများရေး။ ဒါကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် စားရေရိက္ခာပေါများရေးတော့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်များရော ပြည်ထောင်စု ဝန်ကြီးများရော သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ပေးကြဖို့ ပြောလိုတယ်လို့ ပြောပါတယ်။
ထို့ပြင် "တိုင်းပြည်သာယာဝပြောရေး ဆိုလို့ရှိရင်လည်း တရားဥပဒေ စိုးမိုးရေးနဲ့ ခုနကပြောတဲ့ ထွက်ကုန်ပစ္စည်းတွေ များများလုပ်ပြီး တော့မှ ပြည်သူလူထု ဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ပေးဖို့က ကျွန်တော်တို့ လုပ်ဖို့ လိုပါတယ်။ ဒါဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့တာဝန် ကျေတယ်လို့ ပြောချင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ အစိုးရရဲ့ တာဝန်မကျေဘူး။ ကျွန်တော်တို့ လုပ်သွားတဲ့ဟာကို မှတ်ကျောက်တင်နေတာပဲ" လို့ ဆိုပါတယ်။
နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို သိရှိအောင်ကြိုးစားပြီး နိုင်ငံခြားဈေးကွက် ရရှိအောင် ဖော်ဆောင်၍ နိုင်ငံ၏စီးပွားရေးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published _1 November 2022
တန်ဆောင်တိုင် ပွဲတော်ကာလအတွက် ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင် ၊ ချောင်းသာနဲ့ ငပလီကမ်းခြေတွေက ဟိုတယ်တွေမှာ အခန်းလွတ်မရှိတော့လောက်အောင် ဘွတ်ကင်ပြည့်နေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_1 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၁ ရက်အထိ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉၀ ဒသမ ၆၈ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 November 2022
ပြင်ပတွင်ဝယ်ယူရတဲ့ စားအုန်းဆီတစ်ပိဿာဈေးနှုန်းက လက်ရှိမှာ ၆၈၀၀ ကျပ်ကို ပြန်လည်ကျဆင်းနေပြီလို့ ကုန်စုံဆိုင်တွေကနေတစ်ဆင့် သိရပါတယ်။
#Yangon_Media_Group
Page 1376 of 1942