#Local_News
Published_25 November 2022
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်လက်မြင့်တက်နေပေမယ့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းကတော့ အကျဘက်ကိုဦးတည်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကိုပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_25 November 2022
မြန်မာ့အကောက်ခွန်နှုန်း စာရင်းရှိ တိုးမြှင့်ကောက်ခံမည့် ဆေးဝါး ၂၁ မျိုးနှင့် အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည့် ဆေးဝါးများမှအပ ကျန်ဆေးဝါးများကို အကောက်ခွန်နှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ယင်းအပြင် ဆေးဝါးအချို့ အခွန်ကင်းလွတ်ခွင့်ပေးထားသော်လည်း ဈေးကွက်အတွင်းရှိ ဆေးဝါးဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း ဝယ်ယူသုံးစွသူများထံမှ သိရသည်။
“ကျွန်မတို့က ဆေးကိုပြတ်လို့မရဘူး ဆီးချိုသမားဆိုတော့။ အမြဲတမ်းဝယ်နေရတာ။ တစ်ခေါက်နဲ့ တစ်ခေါက် ဝယ်လိုက်တိုင်းမှာလည်းဈေးကကျမလာဘူး။ တတ်တတ်လာတယ်။ ဈေးကအမြဲတမ်းတတ်နေတော့ အဆင်မပြေဘူး”ဟုဆေးဝါးဝယ်ယူသူ မထက်ထက်လွင်က ပြောသည်။
ပြည်ပမှ တင်သွင်းလာသောအခွန်ကင်းလွတ်ခွင့်ရရှိသည့် ဆေးဝါး ၁၈ မျိုးမှာ အက်စ်ပရင်ဆေးပြား၊ ပါရာစီတမောလ် ၊ ကလိုဖယ်နီရာမင်း၊ ဒိုင်ရာဇီပင်၊ မယ်ဗင်ဒါဇော၊ ဂျင်တာမိုင်စင်၊ မက်ထရိုနိုင်ဒါဇော၊ ပရိုပယ်နာလော၊ ဓာတ်ဆားရည်၊ ကလိုပရိုမာဇင်း၊ ဆယ်(လ)ဗြူတာမော၊ ဂလူးကို(စ်)+ဓာတ်ဆားရည် အကြောသွင်းဆေး၊ ရီဖင်ပီဇင်၊ အီသမ်ဗြူတော၊ အိုင်ဆိုနိုင်ရာဇိုက်၊ ဖရူဆီမိုက်၊ ဒိုင်ဂေါ့ဆင်း နှင့် ပရက်(စ်)နီဆလုံး ဆေးဝါးတို့ဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 25 November 2022
ယခုပညာသင်နှစ်တွင် နိုင်ငံတော်စရိတ်ဖြင့် ဆေးဘက်ဆိုင်ရာနှင့်တိုင်းရင်းဆေးတက္ကသိုလ်များတွင် တက်ရောက်နေသူ(၂၉၅၃)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ပထမနှစ် သင်တန်းအသီးသီးသို့တက်ရောက်ကြမည့် သစ်လွင်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ထည့်သွင်းပြောကြားချက်အရ သိရခြင်းဖြစ်သည်၊၊
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက"ယခု ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် (၁၁၂၃)ဦး၊ မိမိစရိတ်ဖြင့်(၃၆)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ နိုင်ငံတော်အစီအစဉ်ဖြင့် (၂၂၄)ဦး မိမိစရိတ်ဖြင့် (၂)ဦး တက်ရောက်ခွင့် ရရှိခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သည့် (၆)ဘာသာ ပေါင်းရမှတ်နှင့် ရွေးချယ်ခဲ့သည့် တက္ကသိုလ်များဖြစ်သည့် ဆေးဝါးတက္ကသိုလ်များသို့ (၃၇၅)ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များသို့ (၃၃၈)ဦး၊ သူနာပြုတက္ကသိုလ်များသို့ (၅၂၈)ဦး၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်သို့ (၂၀၄)ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်သို့ (၁၆၁)ဦးတို့ အသီးသီးတက်ရောက်ခွင့် ရရှိခဲ့ကြောင်း၊ ပညာရပ်အသီးသီးကို နှစ်ကာလ ပြီးဆုံးသည်အထိ ဆုံးခန်းတိုင်သင်ယူ၍ မိမိတို့ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ကြိုးစားကြရန်နှင့် ပညာပြည့်ဝ နှလုံးလှပြီး ပြည်သူများကို အလုပ်အကျွေးပြုသည့် ဆေးနှင့်ဆေးဘက် ဆိုင်ရာပညာရှင်များဖြစ်ရန် တိုက်တွန်းလိုကြောင်း" ထည့်သွင်းပြောကြားခဲ့သည်၊၊
ယင်းအပြင် ပြည်ထောင်စုဝန်ကြီးက "မောင်မယ်သစ်လွင်များအနေဖြင့် ယနေ့မှ စတင်၍ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စာတွေ့၊ လက်တွေ့ပါဝင်လာကြမည်ဖြစ်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ယခုနှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်စာမေးပွဲ စနစ်သစ်အနေဖြင့် လူတွေ့နှုတ်မေးစာမေးပွဲများ မေးမြန်းဖြေဆိုစေခြင်း ပါဝင်ကြောင်း၊ ထိုသို့ဖြေဆိုစေခြင်းဖြင့် မိမိအမှန်တကယ်ဝါသနာပါသည့်ဆေးပညာဖြင့် အသက်မွေးဝမ်းကြောင်းပြု လိုသူများကိုသာ ရွေးချယ်စိစစ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ မိမိဆန္ဒအလျောက် လျှောက်ထားသူမျိုးမှသာလျှင် မည်သည့်အချိန်အခါတွင်မှ လူနာများအား ပစ်ပယ်မသွားဘဲ မိမိတို့ တတ် မြောက်ထားသည့် ဆေးပညာဖြင့် ပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူများဖြစ်လာမည်ဖြစ်ကြောင်း၊ ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နှင့် ဆေးပညာနှီးနွှယ်ပညာရှင် တစ်ဦး ဖြစ်သည်အထိ နိုင်ငံတော်မှ ကျပ်သန်းပေါင်းများစွာ စိုက်ထုတ်အကုန်အကျခံပြီး ပညာသင်ကြားပေးခဲ့ ခြင်းဖြစ်သဖြင့် ဘွဲ့ရရှိပြီးနောက်နိုင်ငံ့ဝန်ထမ်းအဖြစ်(၅)နှစ်မပျက်မကွက် တာဝန်ထမ်းဆောင်ကြရန် အထူးလိုအပ်ကြောင်း"လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်၊၊
နိုင်ငံတော်စရိတ်ဖြင့် သင်ကြားခြင်းမဟုတ်ဘဲ မိမိကိုယ်ပိုင်စရိတ်ဖြင့်သင်ကြားသူများအနေဖြင့် နိုင်ငံဝန်ထမ်းအဖြစ်ထမ်းဆောင်စရာမလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရပြီးယခုပညာသင်နှစ် အတွက် မိမိစရိတ်ဖြင့်ပညာသင်ကြားသူ(၃၈)ဦးရှိပြီး နိုင်ငံဝန်ထမ်းအဖြစ်ထမ်းဆောင်စရာမလိုကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_25 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော်ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၂၄ ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၇၃) ဦး၊ CBT ကုန်ထုတ်လုပ်သား (၉) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၇) ဦး၊ စုစုပေါင်း (၁၁၀) ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအပြင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများတွင် လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၁ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၄၃ ဦးကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပိုဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published_25 November 2022
ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ထွက်ခွာသူဦးရေ တစ်သောင်းနီးပါးရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီထံမှ သိရသည်။
ဂျပန်နိုင်ငံသည် အလုပ်သမားလိုအပ်ချက်ကြောင့် ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း မြန်မာလုပ်သားတွေကို ဆက်တိုက်ခေါ်ယူမှုများရှိလာကြောင်း၊ မြန်မာလုပ်သားစေလွှတ်မှုအနေဖြင့် မတ်လမှ နိုဝင်ဘာလ ၂၂ ရက်အထိ အေဂျင်စီ ၁၀၅ ခု က မြန်မာလုပ်သား ၉၆၂၇ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကိုဗစ်ကာလတွင် မသွားလိုက်ရသည့် အလုပ်သမားများနှင့် အလုပ်ခေါ်စာစောင့်နေသူများကို ဂျပန်ဘက်က ဆက်လက်ခေါ်ယူဖို့ရှိနေကြောင်း၊ ယခုနှစ်အတွင်း ဂျပန်သို့ သွားရောက်လုပ်ကိုင်သူများတွင် အမျိုးသားဦးရေ ၄၅၀၀ ကျော်နှင့် အမျိုးသမီး ၅၁၀၀ ကျော်ရှိခဲ့ပြီး ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်းစသည့် ကုန်ထုတ်လုပ်ငန်းတွေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းများက ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ဂျပန်နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ ထိုင်းနှင့် မလေးရှားတို့တွင် သွားရောက်လုပ်ကိုင်သူများပြားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 25 November 2022
ရုရှားနိုင်ငံရှိ မော်စကို နိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ရုရှားပြည်သူ့ ချစ်ကြည်ရေးတက္ကသိုလ်၊ Pushkin ပြည်နယ်ရုရှား ဘာသာစကားအင်စတီကျု စသည့် တက္ကသိုလ်များမှ မြန်မာပညာတော်သင်များ ပိုမိုတိုးချဲ့ခေါ်ယူရေး၊ မြန်မာနိုင်ငံမှ အသိပညာရှင် Think Tanks အဖွဲအစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအကြားအပြန်အလှန်နားလည်မှု မြှင့်တင်ရေး ကိစ္စရပ်များကို နိုဝင်ဘာ ၂၄ ရက်တွင် ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်း ဦးဆောင်သော ရုရှားဖက်ဒရေရှင်းနိုင်ငံမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့မှုမြှင့်တင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိုလည်း ဆွေးနွေးကြပါတယ်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလီ ဆိုလိုနက်စကိုင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုနိုင်ငံတကာဆက်ဆံရေးတက္ကသိုလ်၊ ရုရှားပြည်သူ့ ချစ်ကြည်ရေး တက္ကသိုလ်တိုမှ ဒုတိယပါမောက္ခချုပ်များ၊ Pushkin ပြည်နယ် ရုရှားဘာသာစကားအင်စတီကျုမှ နိုင်ငံတကာရေးရာဌာနမှူးနှင့် The Alexander Gorchakov Public Diplomacy Fund မှ ဒုတိယအမှုဆောင်ဒါရိုက်တာတို့ တက်ရောက် ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 24 Nov 2022
အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ထပ်မံထူထောင်ပေးမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက် ကြာသပတေးနေ့ က နေပြည်တော်မှာကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ နိုင်ငံတော်အနေနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို ကျပ်ဘီလီယံ၄၀၀၀နှင့် မတည်ထူထောင်ပေးထားပြီးဖြစ်ပါတယ်။ မကြာမီကာလမှာ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲသလိုရန်ပုံငွေတွေမတည်ပေးနေတာဟာ ကိုဗစ်-၁၉ ကြောင့်ကျဆင်းခဲ့ရတဲ့ နိုင်ငံ့စီးပွားရေးပြန်လည်မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌကပြောပါတယ်။
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံကြီးတွေအကြား စစ်ရေး၊နိုင်ငံရေးအားပြိုင်မှုတွေ၊ကမ္ဘာ့ရွှေဈေး၊ရေနံဈေး မတည်ငြိမ်မှုတွေက တစ်ဆင့် အထွေထွေကုန်ဈေးနှုန်းတွေမြင့်တက်လာတာ။ငွေကြေးဖောင်းပွလာတာနှင့်အမေရိကန်ဒေါ်လာငွေကြေး တန်ဖိုးမြင့်တက်လာတာတွေကြောင့် အခြားနိုင်ငံတွေရဲ့ ပြည်တွင်သုံးငွေတန်ဖိုးကျဆင်းမှုတွေစတဲ့ အခြေအနေတွေအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရတယ်လို့လည်း ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးတွေကို အားပေးမှာဖြစ်ပြီး အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးတွေတိုးတ်ကဖို့လည်းအားပေးသွားမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
ယခုအစည်းအဝေးမှာ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်းနှင့် ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
-ymg/knl
#Myanmar_Finanace_Meeting
Page 1326 of 1941