#Local_News
Published _ 29 November 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်သွားလာနေကြသော လူနာတင်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပရဟိတ လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အသင်းမှတ်ပုံတင် မိတ္တူနှင့် ယာဉ်မောင်းလိုင်စင် ရှိမရှိ ကို စစ်ဆေးသည့်အပြင် ယာဉ်မောင်းတစ်ဦးနှင့်သတ်မှတ်ထားသော Volunteer နှစ်ဦးထက်ပိုမပို၊ ယာဉ်မောင်းနှင့် Volunteer များ တူညီဝတ်စုံ ဝတ်ဆင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊ လူနာမှတ်တမ်း ပါရှိမရှိတို့ကို စစ်ဆေးကာ ယာဉ်ပေါ်တွင် လူနာမပါလျှင် မီးတန်းနှင့် အသံကိုလည်း မဖွင့်ရန် စစ်ဆေးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
"စစ်ဆေးတဲ့အခါတော့ အသင်းမှတ်ပုံတင် မိတ္တူတို့၊ လိုင်စင်တို့ကို စစ်တာပါ။ ကျွန်တော်တို့ကို သတ်မှတ်ထားတာက Volunteer နှစ်ယောက်ထက် မပိုရဘူး၊ ကားပေါ်မှာ လူနာ မပါရင် မီးတွေ ဖွင့်တာ၊ အသံတွေဖွင့်တာ မလုပ်ရဘူး၊ ယူနီဖောင်းဝတ်ရမယ်ဆိုတာ သတ်မှတ်ပြီးသားပါ"ဟု လူမှုကူညီရေးလုပ်ဆောင်နေသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 November 2022
အနည်းဆုံးအခကြေးငွေ(လုပ်ခလစာ) သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေးကို စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄၈၀၀ ကျပ် (လေးထောင်ရှစ်ရာကျပ်) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာခ ၁၄ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်၍ တတိယအကြိမ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး စီမံနေခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်လုပ်သား စစ်ဆေးအကဲဖြတ်ခြင်းကို လျာထားချက် ပြည့်မီစေရန်နှင့် ပြည်ပရောက် မြန်မာ လုပ်သားများ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းဝင်ရောက်လာစေရေးအတွက်လည်း မူဝါဒချမှတ် လုပ်ဆောင်နေကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 29 November 2022
မြန်မာအပါအဝင် မဲခေါင်ဒေသတွင်း လူငယ်များအား လူငယ်စွန့်ဦးတီထွင် လုပ်ငန်းများလက်တွေ့လုပ်ဆောင်ရန်ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
မဲခေါင်ဒေသတွင်း လူငယ်များဆန်းသစ်စွန့်ဦးတီထွင်မှုကို လက်တွေ့ဖော်ဆောင်ရန်အားပေးသည့်အနေဖြင့် 'မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ'ကို နိုဝင်ဘာလ ၂၆ ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့ပြီး(၃)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးမြန်မာနိုင်ငံမှတက်ရောက်သူများက နေပြည်တော်တွင်တက်ရောက်ကြပြီး အခြားနိုင်ငံမှ ပါဝင်သူများက အွန်လိုင်းမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး Mr. Zheng Zhihong က အွန်လိုင်းမှတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်တွင် တက်ရောက်ခဲ့ကြသည်။
သံမှူးကြီး Mr. Zheng Zhihong က" လူငယ်များသည် အတက်ကြွဆုံး၊ ဖန်တီးနိုင်မှုအရှိဆုံးအုပ်စုဖြစ်ပြီး ဆန်းသစ်တီထွင်ဖန်တီးမှု၏ ရှေ့ပြေးနေရာတွင် လျှောက်လှမ်းနေသင့်ကြောင်း၊ အထွေထွေအတွင်းရေးမှူး Xi Jinping က တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုအား ခေတ်မီမှုတည်ဆောက်ရာတွင် အဓိကကျသည့်နေရာ၌တည်ရှိနေမှုကို စွဲမြဲစွာ ကိုင်စွဲ၍ ကမ္ဘာ့အရေးပါလူရည်ချွန်စင်တာနှင့် ဆန်းသစ်တီထွင်မှုစုစည်းရာနေရာအဖြစ် တည်ဆောက်မှုကို အရှိန်မြှင့်တင်ရမည်ဟုထောက်ပြပြောဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မိမိဆန်းသစ်တီထွင်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သည့် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဒေသနိုင်ငံများနှင့် ကူးလူးဖလှယ် အပြန်အလှန်အတုယူမှုကို မြှင့်တင်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး အတူတကွဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လိုကြောင်း၊ မြန်မာနိုင်ငံက ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများက ဆန်းသစ်စွန့်ဦးတီထွင်သည့်အပိုင်းတွင် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကောင်းမွန်သည့်ပလက်ဖောင်း ဖန်တီးပေးလိုက်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ ဖွံ့ဖြိုးတိုးတက်မှုကိုဦးစားပေး၍ လက်တွေ့ကျထိရောက်မှုမြင့်မားသော သဘောတရားကို အပြည့်အဝ ထင်ဟပ်စေကြောင်း၊ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ကူးလူးဖလှယ် အပြန်အလှန်အတုယူမှုကို နက်ရှိုင်းစေပြီး အောင်မြင်သည့်အတွေ့အကြုံနှင့် လက်တွေ့ဖော်ဆောင်မှုများကိုမျှဝေကာ အတွေးအခေါ်ထိတွေ့မှုအများအပြား ပေါ်ထွက်လာ၍ လန်ချန်း-မဲခေါင်ဒေသ နိုင်ငံနှင့်ဒေသအသီးသီး ဆန်းသစ်စွန့်ဦးတီထွင်မှုတွင် ပိုများသည့်ရလဒ်များရရှိကာ လန်ချန်း-မဲခေါင် သာယာလှပသည့်ဥယျာဉ် အတူတကွတည်ဆောက်ရန် မျှော်လင့်ကြောင်း" ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကလည်း " နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်သည် လူငယ်များ ဆန်းသစ်စွန့်ဦးတီထွင်မှုအား လက်တွေ့ဖော်ဆောင်ရန် အားပေး၍ လူငယ်စွန့်ဦးတီထွင်သူများ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပလက်ဖောင်းထောက်ပံ့ပေးကြောင်း၊ နှီးနှောဖလှယ်ပွဲကတစ်ဆင့် လန်ချန်း-မဲခေါင်နိုင်ငံများ စွန့်ဦးတီထွင်မှု သက်ဆိုင်ရာကဏ္ဍများနှင့်ပေါင်းစပ်ကာ နိုင်ငံအသီးသီးဆန်းသစ်စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးအား ပံ့ပိုးရန်မျှော်လင့်ကြောင်း" ပြောကြားခဲ့သည်။
ယင်းအပြင်မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက မြန်မာနိုင်ငံ ကုန်ပစ္စည်း E-market Platform အကြောင်းမိတ်ဆက်ခဲ့ပြီး အဆိုပါ Platform တည်ဆောက်ပြီးစီးပြီးနောက် ကပ်ရောဂါအလွန်ကာလ မြန်မာနိုင်ငံ ဒီဂျစ်တယ်အဖြစ် အသွင်ကူးပြောင်းရေး၏ ကောင်းမွန်သောစံနမူနာ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_29 November 2022
ပြည်တွင်းဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ် (AYA) သည် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန်အတွက် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြထားကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ဧရာဝတီဘဏ်လီမိတက်ကို အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်ကနေ အများနှင့်ဆိုင်သည့် ကုမ္ပဏီအဖြစ်ပြောင်းလဲရန် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိမှ တင်ပြထားကြောင်း မြန်မာနိုင်ငံပြန်တမ်းက ထုတ်ပြန်ထားသည်။
ကုမ္ပဏီကိုအများပိုင်အဖြစ် ပြောင်းလဲရန်အတွက် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိကို တင်ပြထားပြီး တရားရုံးအမိန့်အရ တားမြစ်ခြင်း မရှိပါက ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်တွေကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
AYA ဘဏ်ကို စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော် တည်ထောင်ထားသည့် ဘဏ်တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ AYA ဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံတွင်း ဘဏ်ခွဲပေါင်း ၂၆၀ ကျော် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 29 November 2022
ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတစ်လျှောက်တွင် လက်နက်ကိုင် ပူးပေါင်းအဖွဲ့တစ်ခုက မေလမှ စတင်၍ ချုပ်ကိုင်ထားကာ အဆိုပါဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းများကြောင့် ဒေသခံများ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြကြောင်း အဆိုပါ ထုတ်ပြန်လချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် အဆိုပါထိန်းချုပ်ခံထားရသော ဒေသကို တပ်မတော်စစ်ကြောင်းများက အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ခဲ့ရာနိုဝင်ဘာလ ၂၈ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် မိမိဒေသသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာများဖြင့် ဖိတ်ခေါ်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးတွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local _News
Published _ 29 November 2022
ရှမ်းပြည်နယ် တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ကျတားကျေးရွာအနီးရှိ တာလေ နမ့်လချောင်းအတွင်းသို့ အိမ်စီးကားတစ်စီးပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေး အသင်းမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းက ဖြစ်ခဲ့ပြီး ကံကောင်းထာက်မစွာဖြင့် ထိုကားမှာ ချောင်းရေထဲသို့ ပြုတ်ကျသွားခြင်းမရှိဘဲ ချောင်းအစပ်တွင် မေးတင်နေသောကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးမှာကြီးကြီးမားမား ထိခိုက် ဒဏ်ရာရရှိမှု မရှိဘဲ ပွန်းပဲ့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်အတွင်း ထိခိုက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သူ၂ ဦးကို တာလေမြို့ပြည်သူ့ဆေးရုံသို့ တာလေမြို့လောကပါလ ပရဟိတ လူမှုကူညီရေး အသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon _ Media_Group
#Local_News
Published _ 29 November 2022
ယခုနှစ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံး၊ ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့် ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး ၊စုစုပေါင်း နေအိမ် အလုံး ၅၂၀ ကျော် မီးလောင်ခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
လက်နက်ကိုင် ပူးပေါင်းအဖွဲ့၏ အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုကြောင့် လောင်ကျွမ်းခဲ့ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နှင့် နိုဝင်ဘာလ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ကြင်းကုန်းကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်းကျေးရွာအတွင်း လက်နက်ကိုင် ပူးပေါင်းအဖွဲ့ ဝင်ရောက် နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ကျေးရွာသားအချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ် အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် တစ်ဖက်က ဆုတ်ခွာခဲ့စဉ် အဆိုပါ ကျေးရွာများအတွင်း မီးရှို့ခဲ့သဖြင့် လူနေအိမ် ၈၀ ခန့်၊ လက်တွန်းထွန်စက် ၆ စီး၊ စပါးချွေလှေ့စက် ၁ လုံး၊ မော်တော်ဆိုင်ကယ် ၂၀ စီး၊ မီးစက် ၂ လုံးနှင့် စပါးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1318 of 1941