#Local_News
Published_ 27 December 2022
လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရန်အတွက် ရန်ကုန်မြို့၊ပြည်လမ်းကို ဇန်နဝါရီ(၂)ရက်နှင့် (၄)ရက်တွင် ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်၊၊
ဇန်နဝါရီ(၂)ရက် မနက်ပိုင်းတွင် လွတ်လပ်ရေးနေ့အခမ်းအနားအတွက်အစမ်းလေ့ကျင့်ခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ(၄)ရက် မနက်(၄) နာရီ(၂၀)မိနစ်တွင် ပြည်သူ့ရင်ပြင်၌ကျင်းပမည်ဖြစ်ပြီးအခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းကိုယာယီပိတ်ထားမည်ဖြစ်သည်၊၊
ပြည်လမ်းကို ယာယီပိတ်ထားမည်ဖြစ်၍ လမ်းပိတ်ထားစဉ်တွင် မြောက်မှတောင်သို့ မောင်းနှင်လာသည့်ယာဉ်များ မြေနီကုန်းမီးပွိုင့်တွင် ညာဘက်ချိုးပြီး အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ တောင်မှမြောက်သို့မောင်းနှင်လာသည့်ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှ တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းမှပြောင်းလဲမောင်းနှင်ကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှအသိပေးနှိုးဆော်ထားကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 27 December 2022
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ မိုင်တိုင်အမှတ်(၁၃၆/၆)နှင့် (၁၃၆/၇)ကြားတွင် ခရီးသွားလိုက်ထရပ်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ အနီးရှိချောက်အတွင်းထိုးကျ တိမ်းမှောက်ခဲ့ရာ၊ ယာဉ်ပေါ်ပါ ခရီးသွား ၁၁ ဦးအနက် ၆ ဉီးဒဏ်ရာရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့ ဒီဇင်ဘာလ ၂၇ရက် နံနက် ၈နာရီ ၁၃မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခဲ့ရကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ ၆ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဉီးကို မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ ဟိုပုံးပြည်သူ့ဆေးရုံသို့ပို့ဆောင် ပေးခဲ့ရကြောင်း သိရသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_27 December 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလက်အောက်ရှိ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း ဖော်ပြချက်အတွင်း အမေရိကန်ဒေါ်လာ ပျမ်းမျှငွေလဲနှုန်းကို (၂၄၇၈) ကျပ် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
ဗဟိုဘဏ်ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် (၃,၀၀၀) ပတ်ချာလည် ဖြစ်ပေါ်နေချိန်တွင် စီးပွား၊ ကူးသန်းမှ ကျပ် (၂,၄၇၈) ဖြင့် ဈေးဖြတ်ပေးထားခြင်းဖြစ်သည်။
အဆိုပါ ငွေလဲနှုန်းဖြင့် တွက်ချက်ထားသည့် စားအုန်းဆီ တစ်ပိဿာအရင်းဈေး စရိတ်၊ ထပ်ဆောင်းအရောင်း ကုန်သွယ်အခွန်တို့ အပါအဝင် ကျပ် (၄၂၇၆) ဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ကျပ် (၄၃၆၀) အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်းပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်လာစေရေး ထိန်းကျောင်းဆောင်ရွက်နေပြီး မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပိုဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်ပြီး လက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 27 December 2022
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ဒီဇင်ဘာ(၂၆) ရက်က မီးရထားစက်ခေါင်းနှင့်မော်တော်ယာဉ်တိုက်မိပြီး ကားပေါ်ပါခရီးသည်(၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဒီဇင်ဘာ(၂၆) ရက်ညနေ(၆)နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာသို့သွားသော လက်ဝဲကျေးရွာလမ်းခွဲတွင် တောင်တွင်းကြီးမှ ပုဂံသို့မောင်းနှင်လာသော မီးရထားစက်ခေါင်းနှင့် တောင်ကြီးမှလက်ဝဲရွာသို့ သွားရောက်ရန် မောင်းနှင်လာသော HIAce အမျိုးအစား (အဖြူရောင်) ယာဉ်တို တိုက်မိခဲ့ခြင်းဖြစ်သည်၊၊
အဆိုပါဖြစ်စဉ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၁ ဦး၊ အနက်ကျား (၂)၊ မ (၃) ပေါင်း (၅ )ဦး၊ ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တိုအား ညောင်ဦးခရိုင် အမှတ် (၅)အရန်မီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်၊၊
မီးရထားစက်ခေါင်းနှင့် ကားတိုက်မိချိန်တွင်ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့စခန်းမှ လူနာတင်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Health
Published 27 December 2022
နှလုံးရောဂါဟာ အစ္စရေးလ်မှာ ဒုတိယမြောက်အသေအများဆုံး အကြောင်းအရင်းဖြစ်ပေမယ့် သိပ်ပြီးနောက်ကျသွားမှသာ လက္ခဏာတွေနဲ့ အန္တရာယ်တွေကို သတိပြုမိကြတာဖြစ်ပါတယ်။
ဆူရာစကီဆေးဘက်ဆိုင်ရာစင်တာမှ ပရော်ဖက်ဆာ'အဲရစ်ဖင်ကယ်စတိုင်'က နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ နှလုံးရုတ်တရက်ဖောက်ခြင်းအန္တရာယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
နှလုံးရောဂါတွေထဲမှာ အဖြစ်အများဆုံးနဲ့ သေဆုံးမှုနှုန်းအများဆုံးကတော့ နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ပါတယ်။
နှလုံးနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့သွေးတွေ ပို့ဆောင်ပေးတဲ့ နှလုံးသွေးကြောတွေ ကျဉ်းမြောင်းသွားတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီရောဂါဖြစ်နိုင်ချေအရှိဆုံး အကြောင်းအရင်းကတော့ မျိုးရိုးလိုက်ခြင်းပါ။
ဒါကြောင့် အချို့လူတွေ မည်ကဲ့သို့ မှန်ကန်စွာနေထိုင်သည်ဖြစ်စေ မိသားစုထဲမှာ အဆိုပါရောဂါဖြစ်ဖူးသူရှိရင် ဖြစ်နိုင်ချေများပြီး အချို့ကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်တဲ့အပြင် မိသားစုမှာလည်း ကျန်းမာရေးကောင်းမွန်ပါက နှလုံးရောဂါဖြစ်နိုင်ချေ အလွန်နည်းပါတယ်။
ဒီရောဂါအတွက် ကြိုတင်ကာကွယ်ခြင်းကသာ အရေးအကြီးဆုံးဖြစ်ပါတယ်။
ယခင်က နှလုံးနဲ့ပတ်သက်ပြီး သိသိသာသာဖြစ်ပျက်ခြင်းမရှိခဲ့ပေမယ့် တစ်ချိန်ချိန်မှာ သွေးကြောထဲက အဆီခဲကြောင့် သွေးကြောပေါက်ကာ နောက်ဆက်တွဲဖြစ်ရပ်များနဲ့အတူ သွေးခဲပိတ်ဆို့သွားပြီးတော့ ရုတ်တရက်နှလုံးဖောက်ခြင်း ဖြစ်တတ်ပါတယ်။
နှလုံးသွေးကြောပိတ်ရောဂါမှာ အဖြစ်အများဆုံးလက္ခဏာက သွေးထဲအောက်ဆီဂျင်ပြတ်လတ်ပြီး နှလုံးအောင့်ခြင်းမျိုး ခံစားရတာပဲဖြစ်ပါတယ်။
လူက အားစိုက်ထုတ်ရချိန်မှာ နှလုံးက သွေးထဲကအောက်ဆီဂျင်ကို ပိုမိုအသုံးပြုရကာ အောက်ဆီဂျင်မလုံလောက်ဘဲ နှလုံးအောင့်ခြင်းကို စတင်ခံစားရလေ့ရှိပါတယ်။
နောက်ပိုင်းမှာတော့ နာကျင်မှုက မေးရိုး၊ ပခုံး၊ သွားတို့ကိုပါ ရောက်ရှိသွားကြပါတယ်။
အကြီးမားဆုံးပြဿနာကတော့ လက္ခဏာပေါ်ပေါက်ချိန်နဲ့ ကုသမှုခံယူတဲ့ကြားက အချိန်ပဲဖြစ်ပါတယ်။
အရေးပေါ်အခန်းတွေမှာ နှလုံးဖောက်ပြီး လူနာရောက်လာရင် နှလုံးပိုက်ထည့်ကာ သွေးခဲကိုပျော်အောင် ပြုလုပ်ပေးကြပါတယ်။
ဒါပေမဲ့ အချိန်အလွန်ကြာပြီးမှ ရောက်လာတယ်ဆိုရင်တော့ အသုံးမဝင်တော့ပါဘူး။
အက်စ်ပရင်သွေးကျဲဆေးက သွေးကိုကျဲစေပြီး သွေးကြောလုံးဝပိတ်ဆို့မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီရောဂါက အင်မတန်ကြောက်စရာကောင်းပေမယ့် ကုသနည်းတွေနဲ့ ဖြစ်ပျက်တတ်ပုံတွေကိုသိထားရင် အခြေအနေကောင်းမွန်နိုင်ပါတယ်။
လက်ရှိအချိန်မှာ ၉၅ ရာခိုင်နှုန်းလောက်က နှလုံးပိုက်ထည့်ရင် သက်သာသွာကြပြီး ၅ ရာခိုင်နှုန်းကတော့ ခွဲစိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 27 December 2022
စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့် စာပေအနုပညာပြပွဲ ကို ဒီဇင်ဘာလ ၂၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတက်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလွယ်တကူသိမြင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲကို ဒီဇင်ဘာလ ၂၈ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ပြခန်းပေါင်း ၆၂ ခန်း ဖွင့်လှစ်ပြသထားကာ စာအုပ်၊ စာစောင်ပြခန်းများနှင့် စားအုပ်အရောင်းဆိုင်များ၊ “ကြီးမြတ်သောမြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းများကို ခင်းကျင်းပြသဖွင့်လှစ်ထားကာ ကျောင်းသား၊ ကျောင်းသူများနှင့်စိတ်ပါဝင်စားသူ ပြည်သူများအနေဖြင့် သွားရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 26 December 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ တည်ဆောက်နေတဲ့ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းသည် ပထမအဆင့်အနေဖြင့် အဆောက်အဦ ၁၉၄ လုံး၊ အိမ်ခန်းပေါင်း ၃၁၀၄ ခန်း ရှိတဲ့အနက် အဆောက်အဦ ၁၂၁ လုံး၊ အိမ်ခန်းပေါင်း ၁၉၃၆ ခန်းကို ၂၀၂၃ ခုနှစ် မတ်လတွင်ပြီးစီးအောင် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး နှင့်အတူ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းသို့သွားရောက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးမှာကြားခဲ့ပါတယ်။
ဝန်ကြီးက ပြည်သူ့အငှားအိမ်ရာစီမံကိန်း၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်လုပ်ငန်းတို့ကို အပိုင်းလိုက်ပြီးစီးစေရေး ဦးစားပေးဆောင်ရွက်သွားရန်နှင့် ယခု အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂) လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးကြား အချက်အခြာကျသည့်နေရာတွင် တည်ရှိတဲ့အတွက် နောင်တစ်ချိန် ရန်ကုန်မြို့ပြ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများသွားလာနေထိုင်ရေး လွယ်ကူအဆင်ပြေ မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ထို့အပြင် တည်ဆောက်ရန်ကျန်အဆောက်အဦ ၇၃ လုံး၊ အိမ်ခန်းပေါင်း ၁၁၆၈ ခန်းကိုလည်း အပိုင်းလိုက် ပြီးစီးအောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1260 of 1941