#Local_News
Published_ 27 January 2023
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်ပြုလုပ်သော မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃) ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် စတင်ပြသနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ယနေ့မှစ၍ ဇန်နဝါရီလ ၂၉ ရက်ထိ ပြုလုပ်မည် ဖြစ်ကြောင်း၊ ပြပွဲအတွင်း ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်း ဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက်ဒေသထုတ်ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်း ဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများအပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ပြသလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် ပုဂံ၊ ပုပ္ပား၊ ပင်းတယ၊ အင်းလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ မြိတ်ကျွန်းစုနှင့် သမိုင်းဝင်ဘုရားစေတီတို့သို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း၊ လက်ရှိ ပြုလုပ်နေသော မြန်မာ့ခရီးသွားပြပွဲသို့ လာရောက်လေ့လာသူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ လေယာဉ် လက်မှတ်များ၊ မိုးပျံဘောလုံးစီးနင်းခွင့်လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့် လက်မှတ်တို့ကို Lucky draw အစီအစဉ်ဖြင့် ကံစမ်းပေးခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ သိမ်ဖြူလမ်းဂိတ်နှင့် မဟာဗန္ဓုလလမ်းဂိတ်တို့မှ ဝန်ကြီးများ ရုံးအတွင်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 27 January 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်ခန့်က ပစ္စည်းတင် ဘောက်စ်(Box) ကား (၁)စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း"ရွှေရောင်သမိုင်း" ပရဟိတအသင်းက သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူအထိအခိုက်မရှိကြောင်း ယင်းအသင်း၏ တာဝန်ရှိသူက ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း၊ ကားတစ်စီးလုံး ပျက်စီးသွားကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 27 January 2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
လေဖိအားနည်းအရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပြီး ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ် လျော့နည်းနိုင်သည်ဟု ဆိုသည်၊၊
အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ ဇန်နဝါရီ ၂၉ ရက်တွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ လည်းကောင်း၊ ဇန်နဝါရီ ၃၁ရက်တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ကာ၊ ဖေဖော်ဝါရီ(၁)ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသောသီရိလင်္ကာနိုင်ငံကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_27 January 2023
ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့် ပါတီကြီးတွေအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ထားသည့် အထောက်အထားပြသရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် အခြေစိုက်စည်းရုံးမည့် ပါတီတွေအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ တို့ကို မြန်မာ့စီးပွားဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ထားပြီးဖြစ်သည်ဆိုသည့် အထောက်အထား လိုအပ်ကြောင်း သိရသည်။
အလားတူ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမှတ်ပုံတင်ခွင့် ခွင့်ပြုသည့် ရက်မှစပြီး ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံး၏ မြို့နယ်အားလုံးထက်ဝက်တွင် ပါတီရုံးခန်းဖွင့်လှစ်မည်ဆိုသည့် ဝန်ခံချက် ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တိုင်းနှင့် ပြည်နယ်အဆင့်ပါတီဆိုပါက စည်းရုံးမည့်ပါတီတွေအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး မြို့နယ် ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်ရမည်ဆိုသည့် ဝန်ခံချက်ပြုရမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၅/၂၀၂၃ အဖြစ် ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 27 January 2023
တစ်ပတ်တာအတွင်း ထိုင်းပြန်(၁၆)ဦး အပါအဝင် ပြည်ပပြန်(၂၄)ဦး၌ ကိုဗစ်ပိုးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်၊၊
ဇန်နဝါရီလ(၂၀)ရက်မှ (၂၅)ရက်ခုနှစ်ရက်တာအတွင်း ထိုင်းနိုင်ငံပြန်ဝင်လာသူ(၁၆)ဦး၊ ထိုင်ဝမ်မှ(၃)ဦး၊ မလေးရှားမှ(၄)ဦး၊ ရုရှားမှ(၁)ဦးစုစုပေါင်း (၂၄)ဦးတွင် ကိုဗစ်ပိုးများတွေ့ရှိရခြင်း ဖြစ်သည်၊၊
ပိုးတွေ့ရှိရသည့် ပြည်ပပြန်များနေထိုင်သည့် မြို့နယ်များကတော့ မြဝတီ၊ မော်လမြိုင်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ပိုးကူးစက်မှုတွင် ပြည်တွင်းကူးစက်မှုများ နည်းပါးနေပြီဖြစ်သော်လည်း ပြည်ပမှပြန်ဝင်ရောက်လာသည့် ပြည်ပပြန်များတွင် ကိုဗစ်ပိုး positiveတွေ့ရှိမှုများ ပြန်များလာကြောင်း သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လေဆိပ်နှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ကိုဗစ်လက္ခဏာရှိမရှိနှင့် ကိုဗစ်ပိုးရှိမရှိကို သေသေချာချာကြပ်မတ်ပြီး စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_27 January 2023
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပါတီဖျက်သိမ်းခြင်းမခံရစေရန် အနည်းဆုံး မဲဆန္ဒနယ်သုံးခုဝင်ပြိုင်ရမည်ဆိုသည့် အချက်ကို အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင် ပယ်ဖျက်ထားကြောင်း သိရသည်။
အဆိုပါ အချက်ကို ပယ်ဖျက်ခဲ့ပြီးနောက် နိုင်ငံရေးပါတီတွေအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းလုံးမည့် ပါတီဆိုပါက အနည်းဆုံးမဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ပြိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် စည်းရုံးမည့် ပါတီဆိုပါက တိုင်းနှင့်ပြည်နယ်အသီးသီး၌ ပြုလုပ်သည့် ရွေးကောက်ပွဲ၏ အနည်းဆုံး မဲဆန္ဒနယ်တစ်ခုတွင် ဝင်ပြိုင်ရမည်ဖြစ်ကြောင်း ပြင်ဆင်ထားသည်။
ယင်းအပြင် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှ ဖွဲ့စည်းခွင့်ရသည့် နိုင်ငံရေးပါတီများကိုလည်း ယင်းနောက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ပြဋ္ဌာန်းထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၅/၂၀၂၃ အဖြစ် ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 27 January 2023
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခုတို့ကို အတည်ပြုခွင့်ပြုခဲ့ကြောင်း အဆိုပါ ကော်မတီက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးတွင် ကျင်းပသော ကော်မတီအစည်းအဝေးအတွင်း လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုတို့ကို အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ်သန်း ၆၀၀၀ ခန့် နှင့် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၄၃၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်း အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာနေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်း၊ မြေပဲ နှင့် နေကြာများ ကြိတ်ခွဲပြီး ဆီထုတ်လုပ်ခြင်းနှင့်စားအုန်းဆီသန့်စင် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ၊ ဆေးဆိုး ပန်းရိုက်အဝတ်အထည်များကို ထုတ်လုပ်၍ ပြည်တွင်း CMP လုပ်ငန်းများကို ရောင်းချသည့်လုပ်ငန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်း အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်း၊ ထုပ်ပိုးပစ္စည်းများကို ထုတ်လုပ်ပြီး ပြည်တွင်း CMP ဖိနပ်လုပ်ငန်းများကို ရောင်းချသည့်လုပ်ငန်း စသည်တို့ ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1193 of 1934