#Local_News
Published_ 29 August 2023
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)က လာမည့်စက်တင်ဘာမှစတင်၍ ဒီဇင်ဘာလအထိ ဓာတ်ဆီဂါလန်ပေါင်း ငါးသန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူကာရောင်းချပေးမည်ဟု ယင်းလုပ်ငန်း၏ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။
တင်ဒါစနစ်ဖြင့် ခေါ်ယူရောင်းချရာတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလံ တစ်သန်းရောင်းချပေးသွားမည်ဖြစ်သည်။
ထိုသို့ရောင်းချရာတွင် လာမည့် စက်တင် ဘာ (၁၂) ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း၊ အောက်တိုဘာ (၃) ရက်နှင့်(၂၄)ရက်တို့တွင် ဓာတ်ဆီဂါလံ နှစ်သန်း၊ နိုဝင်ဘာ(၁၄)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်းနှင့် ဒီဇင်ဘာ (၅)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း အသီးသီးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါတင်သွင်းလိုသူများအနေဖြင့်နေပြည်တော်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)တွင် တင်ဒါအဆိုပြုလွှာသွင်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
တင်ဒါဖွင့်မည့်အချိန်မှာ တင်ဒါဖွင့်ပေးမည့် လစဥ်တိုင်း၏ မွန်းတည့် (၁၂)နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကာ တင်ဒါပိတ်ချိန်အား မွန်းလွှဲ (၂)အချိန်အထိ သတ်မှတ်ထားကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိလိုသူများအနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း ၀၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးရာတွင် မည်သည့်လုပ်ငန်းရှင်မဆို လွတ်လပ်စွာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/my #Local_News #ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)
#Yangon_Times
#Local_News
Published-29 August 2023
သုံးကြိမ်အထိ မီးနီဖြတ်မောင်းသော YBS ယာဥ်မောင်းများအား ယာဥ်လိုင်း ကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း YRTC တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကဆိုသည်။
YBS ယာဥ်များလမ်းပေါ်တွင်အ ခေါက်ရေများများရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး ဗိုလ်ကျမောင်းနှင်နေခြင်း၊ လုယက်မောင်းနှင်နေကြသည်ကို တွေ့မြင်နေရ၍ ယာဥ်မောင်းများ၏မဆင်မခြင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တပြေးညီစောင့်ကြပ်၍ Video မှတ်တမ်းများဖြင့်တင်ပြလာမှုများရှိကြောင်းလည်း ယင်းကဆိုသည်။
သို့ဖြစ်ပါ၍ စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများမှာ မီးနီဖြတ်မောင်းနှင်သူများဖြစ်ပြီး ယာဥ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှူးကျူးလွန်ခဲ့ပါက YBS ယာဥ်လိုင်း ကုမ္ပဏီက YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကာလုပ်ဆောင်နေကြောင်း ဩဂုတ်လ ၂၄ရက်က စည်းကမ်းဖောက် ဖျက်သည့် YBSယာဥ်မောင်း (၁၀၀)ဦးကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ဆောင်ရွက်ရခြင်းသည်ဒဏ်ကြေးလိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်ကြောင်းနှင့် ယာဉ်မောင်းများ၊ ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် ဖမ်းဆီးအရေးယူ
နေရခြင်းဖြစ်ပါကြောင်းလည်း ယင်းကပြောကြားသည်။
YRTC ၏ အဓိက ရည်မှန်းချက် ကြီးဖြစ်သော “Safe Public Transportation to All” “ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်” ဖြစ်ထွန်းလာစေရန် YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့် ယာဉ်မောင်းကြီးများသည် ခရီးသည်များအား လိုရာခရီးသို့ လုံခြုံဘေးကင်းစွာပို့ဆောင်ပေးကြရမည့် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် ယာဉ်မောင်းကောင်းများအဖြစ်သာ မြင်တွေ့လိုပါကြောင်းလည်း ဦးလျန်ကျင့်မန်ကပြောကြားသည်။
#Local_News #သုံးကြိမ်အထိမီးနီဖြတ်မောင်း #YRTC
#Yangon_Times/PP
#Local_News
Published-29 August 2023
တောင်ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၄၆)ဦးကို ယနေ့စေလွှတ်ခဲ့၍ ယခုလအတွင်း (၈၆၃)ဦး စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
သြဂုတ်လ ၂၉ရက်တွင်EPS စနစ်ဖြင့်ကုန်ထုတ်လုပ်သားသစ် (၁၀၁)ဦး၊ စိုက်မွေးလုပ်သားသစ် (၄၅) ဦး၊ စုစုပေါင်း (၁၄၆) ဦးကိုစေလွှတ်ခဲ့၍ မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထို့အတူ သြဂုတ်လ ၁ရက်တွင် မြန်မာလုပ်သား ၁၃၉ဦးကိုလည်း ကောင်း၊ သြဂုတ်လ ၂ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း၊ သြဂုတ်လ၈ရက်တွင် မြန်မာလုပ်သား (၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ၂၂ရက်တွင် မြန်မာလုပ်သား(၁၄၂)ဦးကိုလည်းကောင်း၊ သြဂုတ်လ ၂၃ရက်တွင် မြန်မာလုပ်သား (၁၄၇)ဦးကိုလည်းကောင်း စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉)ဦးကိုစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Local_News #EPS #မြန်မာလုပ်သား(၁၄၆)ဦး
#Yangon_Times/PP
#Local_News
Published_ 29 August 2023
လန်ချန်း-မဲခေါင်ပူးပေါင်းမှုစီမံကိန်းအဖြစ် မန္တလေးနည်းပညာတက္ကသိုလ်နှင့်ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။
အဆိုပါစီမံကိန်းကို လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံတက္ကသိုလ်များအကြား သိပ္ပံနည်းပညာကူးလူးဖလှယ်ရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းစတင်ခြင်း အခမ်းအနားကို ဩဂုတ်(၂၈)ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး နေပြည်တော်ဆက်သွယ်ရေးရုံးမှ ဌာနမှူး Mr. Zhang Zhonghuaက ‘ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးများလာစေပြီး အသေးစိတ်ကဏ္ဍလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးထမ်းဆောင်ပေးသည့် အပြင် တရုတ်-မြန်မာအဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာဖြစ်လာရန် မျှော်လင့်ကြောင်း’ထည့်သွင်းပြောခဲ့သည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ်ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း(၁၀၆)ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်ကာ ယင်းအခမ်းအနားသို့တရုတ်နိုင်ငံမှ ဌာနမှူး Mr. Zhang Zhonghua နှင့်အတူ မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းတို့တက်ရောက်ခဲ့ကြောင်းသိရသည်။
#tthl #Local_News #မန္တလေး-ကူမင်းနည်းပညာတက္ကသိုလ်
#တရုတ်-မြန်မာအဆင့်မြင့်ပညာရေး #Yangon_Times
#Local_News
Published_ 29 August 2023
ရခိုင်ပြည်နယ်၌ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့မှ ဖြစ်စဉ်အခြေအနေမှန်နှင့် ဖြစ်ရပ်မှန်အချက်အလက်များကို အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံရေးသဘောသက်ရောက်စေတဲ့ သတင်းထုတ်ပြန်ချက်များနှင့်ပြောကြားချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာပယ်ချကြောင်း ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ထားပါတယ်။
ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေး စခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်တည်း အကွက်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအချို့နှင့် အဖွဲ့အစည်းအချို့က ARSA ၏ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ထိုအချိန်က တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ဒေသခံပြည်သူများကို ကာကွယ်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူတုံ့ပြန်မှု များကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ARSA အကြမ်းဖက်အဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ပြီး အကြမ်းဖက်မှုလုပ်ရပ်များအားလုံးကို ရှုတ်ချသင့်ကြောင်း တိုက်တွန်း ဖော်ပြထားပါတယ်။
ထို့ပြင် “ရိုဟင်ဂျာ” ဟုဆိုသည့် အသုံးအနှုန်းသည် မည်သည့်မြန်မာ့သမိုင်းနှင့် ဥပဒေဆိုင်ရာ စာရွက်စာတမ်းများတွင် တွေ့ရှိရခြင်း မရှိကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာန က သတိပေးထားပါတယ်။
အဆိုပါ အသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းကာ ယင်းဖြစ်စဉ်အပေါ် နိုင်ငံရေးသဘော သက်ရောက်စေရန် သတင်းထုတ်ပြန်ချက်များ၊ ပြောကြားချက်များ ပြုလုပ်နေခြင်းသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား နှစ်နိုင်ငံပူးတွဲအစီအစဉ်များနှင့်အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများ အပေါ် အပြုသဘော ထောက်ပံ့ကူညီရာရောက်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။
မြန်မာအစိုးရအနေဖြင့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ရသည့် ရခိုင် ပြည်နယ်ရှိ အသိုက်အဝန်းအားလုံးအတွက်လည်း လိုအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို မည်သူမျှချန်လှပ်မှုမရှိစေရေးဟူသော မူဝါဒဖြင့် ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာအစိုးရသည် နေရပ်စွန့်ခွာသူများအား စိစစ်မှုများပြုလုပ်ပြီး အောင်မြင်စွာ ပြန်လည်လက်ခံရေးကို ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ygm_mnn #Local_News #နိုင်ငံခြားရေးဝန်ကြီးဌာနပယ်ချ
#Yangon_Media_Group
#Local_News
Published_ 29 August 2023
မြန်မာနိုင်ငံ၏ ရှေးဦးမြို့ပြတည်ပုံစံကို တည်ထောင်ခဲ့သည့် ပျူယဉ်ကျေးမှုခေတ် အခန်းကဏ္ဍကို ပုံဖော်ရေးသားထားသည့် အထောက်အထားများစာတမ်း အကြောင်း ဆွေးနွေးပွဲကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက စာတမ်း၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူ ရှေးမြို့ဟောင်းများသာမက အခြားပျူမြို့ဟောင်းများဖြစ်သည့် ပင်လယ်(မိုင်းမော) မြို့ဟောင်း၊ ကျိုင်းဟုန်မိုင်းမောမြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ်မြို့ဟောင်း (သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်းစသည်ဖြင့် ထည့်သွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ပျူမြို့ဟောင်းများနှင့်အတူ ဆက်နွှယ်နေသည့် ရှေးဦးမြို့ပြတည်ဆောက်မှုပုံစံ၊ အဆောက်အဦတည်ဆောက်မှု ဗိသုကာလက်ရာများ၊ ပျူခေတ်ကာလ၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့်ဝတ်စားဆင်ယင်မှုများ၊ ရေကိုလိုသလို ဖန်တီးအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ၊ လက်မှုလုပ်ငန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပျူဂီတနှင့်တူရိယာများ၊ စာပေအထောက်အထားများ စသည်ဖြင့် သုတေသနပြုတွေ့ရှိထားသည့်အထောက်အထား အချက်အလက်များကို ဖြည့်စွက်၍ ထည့်သွင်းရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို တက်ရောက်လာကြသည့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါတယ်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကိုယ်စားလှယ်က ယနေ့ဆွေးနွေးပွဲသို့ စစ်ဘက်လက်ထောက်အရာရှိက ပေးပို့လာသော ဆန္ဒပြုတိုက်တွန်းစာ အမှာစကားကို ဖတ်ကြားခဲ့ပါတယ်။
ဆက်လက်၍ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များနှင့် ဝန်ထမ်းများက ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်များ မူကြမ်းရေးသားထားမှုကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရှင်များနှင့် ပြင်ပပညာရှင်များ၊ လေ့လာသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှနှင့် မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပညာရှင်ကြီးများနှင့် ပါမောက္ခများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိကြီးများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြင်ပပညာရှင်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြပါတယ်။
#ygm_mnn #Local_News #ရှေးဦးမြို့ပြတည်ပုံစံ #ပျူယဉ်ကျေးမှုခေတ်
#Yangon_Media_Group
#Local_News
Published_ 29 August 2023
တရုတ်နိုင်ငံထဲသို့ သွားရောက်မည့်ခရီးသည်များ ပြည်မဝင်မီကိုဗစ်စစ်ဆေးမှုခံယူရန် မလိုအပ်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ လာရောက်သော ခရီးသည်များသည် ပြည်မဝင်မီ ကိုဗစ်-၁၉ PCR သို့မဟုတ် Antigen test စစ်ဆေးရန် မလိုအပ်တော့သည့်အပြင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” တွင်လည်း ဖြည့်သွင်းရန်မလိုအပ်တော့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခင်က တရုတ်နိုင်ငံသို့သွားရောက်လိုပါက ပြည်မဝင်ခင် ကိုဗစ်မရှိကြောင်းစစ်ဆေးထားသည့်အထောက်အထားများပြသကြရသော်လည်း ယခုချိန်တွင်ကိုဗစ်ဖြစ်ပွားမှု လျော့ကျသွားသည့်အတွက် ကိုဗစ်စစ်ဆေးရန် မလိုတော့ကြောင်းသိရသည်။
#tthl #Local_News #ကိုဗစ်စစ်ဆေးရန်မလိုတော့
#Yangon_Times
Page 779 of 1899