Published_ 6 September 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်အကိုင် အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် ဖန်တီးပေးနိုင်မည့်နိုင်ငံသားနှင့်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းသစ် (၁၁)ခု ကို ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး၌ စက် မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁၁)ခုကို အတည်ပြုပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၂၀၅၄ ဒဿမ ၃၂၅) သန်းနှင့် အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၇၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် down and feather အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။
ထို့အတူ အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ တိုးမြင့်မည့်လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၅) ခု၏ တင်ပြချက် များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
Photo-Yangon Region Government
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
(၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တွင် စက်တင်ဘာ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။
အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ "အခွင့်အရေးနှင့် တာဝန်ဝတ္တရား" မူနှင့် သွေဖယ်လျက် မြန်မာ နိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တက်ရောက်ခြင်း မပြုခဲ့ဘူးလို့ သိရပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက် (မူကြမ်း)အား မြန်မာနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်း မဖော်ပြဘဲ လျစ်လျူရှူခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘောမဆောင်သည့် သုံးသပ်ချက်များ နှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ နှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ထပ်မံအသိပေး ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
မြန်မာနိုင်ငံသည် ရုရှားနှင့် တိုက်ရိုက်လေကြောင်းပျံသန်းတဲ့ ၃၈နိုင်ငံမြောက်ဖြစ်လာတယ်လို့ တာ့စ်သတင်းဌာနက သတင်းရေးသားပါတယ်။
နှစ်ပေါင်း၃၀ခန့် လေကြောင်းပျံသန်းမှုမရှိခဲ့ရာမှ ယခုအခါ အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းလိုင်း MAI ဟာ စက်တင်ဘာ ၅ ရက်က မြန်မာနှင့်ရုရှားအကြား တိုက်ရိုက် လေကြောင်းပျံသန်းပြေးဆွဲမှုစတင်ခဲ့တာဖြစ်ပါတယ်။
“ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာ ၅ရက်မှာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ နိုဗိုဆီဘစ်ကို ရန်ကုန်-မန္တလေး-နိုဗီဆီဗစ်ခရီးစဉ်ပျံသန်းရင်း ပထမဆုံး ဆိုက်ရောက်လာပါတယ်။ ရုရှားနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအကြား လေကြောင်းပျံသန်းမှု နှစ်၃၀ရပ်ဆိုင်းပြီးနောက် ယခုပြန်လည်ပျံသန်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါပြီÓ လို့ ရုရှားလေကြောင်းပျံသန်းရေးအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
နိုဗိုဆီဗစ်ကို ပထမဆုံးဆိုက်ရောက်တဲ့ မြန်မာလေယာဉ်ကို ရေပန်းများဖြန်းပက်ကာ ကြိုဆိုခဲ့ ကြပြီး လိုက်ပါခဲ့တဲ့ ခရီးသည်တွေကိုလည်း နိုဗီဆီဗစ် ဒေသအစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး ယူရီပီတပ်ကော့ခ်နှင့် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးအပါအဝင် တာဝန်ရှိသူတွေနှင့် ရုရှား ဖက်ဒရယ်လေကြောင်းအေဂျင်စီမှ ပုဂ္ဂိုလ်တွေက ကြိုဆိုခဲ့ကြတယ်လို သတင်းမှာဖော်ပြ ထားပါတယ်။
“ လေကြောင်းပျံသန်းမှုစတင်လိုကတာဟာ အရှေ့တောင်အာရှကို အားလပ်ခရီးထွက်ချင် ကြတဲ့ ရုရှား ခရီးသွားတွေအတွက် အခွင့်အလမ်းအသစ်ကို ဖန်တီးပေးပါလိမ့်မယ်။ အဲဒီအပြင် စီးပွားရေးအဆက်အသွယ်တွေကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေပါလိမ့်မယ်Ó လို့ အေဂျင်စီက ဆက်လက်ပြောဆိုပါတယ်။
ymg/knl
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
တောင်ကိုးရီးယားနိုင်ငံသို့ ၂ရက်အ တွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၂၉၀နီးပါးစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
တောင်ကိုးရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၄၂)ဦးကို စက်တင်ဘာလ ၅ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ၆ရက်တွင်လည်းကောင်း စေလွှတ်ခဲ့ကြောင်းသိရသည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံးဆိုလ်းမြို့မှအလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့်အချက် များအား မှာကြားခဲ့၍ လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်ကို စေလွှတ်ခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
စက်ရုံမှမလိုတော့၍ မလေးနယ်စပ်ရှိ လူမနေသည့် ခြံဝန်းကြီးထဲသို့ ပစ်ထားခံရမည့်အရေးနှင့် မြန်မာအမျိုးသမီးတစ်ဦး ကြုံနေကြောင်း နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့(မလေးရှား)မှ သွားရောက်ကူညီပေးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှ ဒေါ်မိုးမိုးသည် မလေးနိုင်ငံသို့ရောက်ရှိသည်မှာ တစ်နှစ်ကျော်ရှိပြီး သန့်ရှင်းရေးအလုပ်၊ အိမ်ဖော်အလုပ်များဝင်လုပ်၍ ပြီးခဲ့သည့်ရက်က
သန့်ရှင်းရေးလုပ်နေသည့်စက်ရုံမှ မလိုတော့၍ စက်ရုံကထွက်သွားရန်နှင့် ကြာနေပါက လူမနေတဲ့ခြံဝန်ကြီးထဲမှာသွားပစ်ထားမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
"သူ့ကို စရောက်ကတည်းက အတူလာသူများကထားခဲ့၍ စကားလည်းမတတ် အသိမိတ်ဆွေလည်းမရှိနဲ့ အိမ်ဖော်အလုပ်,စက်ရုံသန့်ရှင်းရေးအလုပ်များကို ရင်းဂစ် ( 1000 )ကျော်ရတာနဲပြီး ရင်းဂစ် ( ၇၀၀ )နှင့်လုပ်နေရတာကများပါတယ်။အခုလည်းသန့်ရှင်းရေးလုပ်နေသည့်စက်ရုံက မလိုတော့၍ စက်ရုံကထွက်သွားရန် ကြာနေပါက လူမနေတဲ့ခြံဝန်ကြီးထဲမှာသွားပစ်ထားမယ်လို့ဆိုတယ်"ဟု နှလုံးလှပရဟိတအသင်းကသိရသည်။
သို့ဖြစ်ပါ၍ ဒေါ်မိုးမိုးလည်း နှလုံးလှပရဟိတအသင်းအား ဆက်သွယ်အကူအညီတောင်းခံလာ၍ နှလုံးလှပရဟိတအသင်းမှ မလေးရှားနိုင်ငံသားများနှင့်ချိတ်ဆက်၍ Bus ကားပေါ်တင်ပေးရန်အကူအညီတောင်းခဲ့ပြီး ကားဂိတ်သို့သွားရောက်ခေါ်ဆောင်ခဲ့ကြောင်းအသင်းကသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က မြန်မာနှင့် ရုရှား တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် ခရီးစဉ်အသစ်ကို စက်တင်ဘာ ၅ ရက်က စတင်ပျံသန်းပြေးဆွဲပေးကြောင်းသိရသည်။
ယင်းလေယာဉ်ခရီးစဉ်အသစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း နှင့် MAI လေကြောင်းလိုင်း တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
MAI က ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန် အသွားအပြန် ခရီးစဉ်ကို ပြန်လည် ပျံသန်း နိုင်သည့်အတွက် နှစ်နိုင်ငံအကြား မိတ်ဖက်အနီးကပ် ပူးပေါင်းဆောင်ရွက် မှု ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်းလည်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောသည်။
ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ပျံသန်းထွက်ခွာမည့် လေယာဉ်သည် နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှမန္တလေး တံတားဦးလေဆိပ်ကို ထွက်ခွာပြီး ယင်းမှတစ်ဆင့် ညနေပိုင်းတွငိ ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့ကို ထွက်ခွာမည်ဟုသိရပြီးခရီးစဉ်အသစ်ကို အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း တစ်ပတ်နှစ်ကြိမ် ပြေးဆွဲပေးမည််ဖြစ်ပြီး ခရီးသွားများအနေဖြင့် နိုဗိုစီဗစ်မြို့က S7 လေကြောင်းလိုင်းကိုအသုံးပြု၍ မြို့တော်မော်စကိုအပါအဝင် တခြား ရုရှားနိုင်ငံ တစ်ဝန်းလုံးကို ဆက်လက်သွားရောက်လည်ပတ်နိုင်မည် ဖြစ်သလို ရုရှားခရီးသွား အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးကိုသာမက တခြားအာဆီယံနိုင်ငံများကိုပါ ချိတ်ဆက်လည်ပတ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
ခရီးစဉ်အသစ်ကို ရုရှား နှင့်မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ကူးလူးဆက်ဆံမှု ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမို တိုးတက်လာစေရေးအတွက် နှစ်ဖက်အစိုးရ၏ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာဌာနများ ခရီးသွားကုမ္ပဏီများကလည်း မိမိနိုင်ငံမှာရှိပြီးသား ရိုးရာအမွေအနှစ်၊ သဘာဝတောတောင်ရှုခင်း၊ ပင်လယ်ကမ်းခြေအလှများကို အသုံးပြုကာ နှစ်နိုင်ငံပြည်သူတွေ သွားလာဆက်သွယ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး စတင်ပြေးဆွဲခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yagon_Times
၅ စက်တင်ဘာ ၂၀၂၃
ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၂၄ သန်းကျော် စိုက်ပျိုးထားပြီးဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ယနေ့ စက်တင်ဘာ (၅)ရက်က နေပြည်တော်တွင်ကျင်းပခဲ့တဲ့ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါသစ်ပင်သစ်များစိုက်ပျိုးရာတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများလည်း ပါဝင်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အတွက်
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းအပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ခုနှစ် မတ်လကာလအတွင်း . အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရပါကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ်
မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက သတိပေး မှာကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်-
မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုး ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
ယခု တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊
ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရား အဝင်လမ်းဝဲယာတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
ယခုသစ်ပင်စိုက်ပျိုးပွဲတွင် နစက ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများက လူထုလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးခဲ့တာလို သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
Page 763 of 1899