#Local_News
Published_ 14 October 2023
မန္တလေးပဲနှမ်းဈေးကွက်သို့ စမုံနှမ်းနက်အသစ်များဈေးကွက်အတွင်း ဝင်ရောက် နေသော်လည်းအဝယ်သွက်နေသောကြောင့် ဈေးရနေကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။
ထိုသို့ဈေးကောင်းရာတွင်တစ်ပတ်တာအတွင်း အမျိုးအစားအလိုက်နှမ်း တစ်အိတ်လျှင်ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ကျပ်အထိ ဈေးနှုန်းအသီးသီးမြင့်တက်နေကြောင်း သိရသည်။
"လက်ရှိဈေးကွက် အခြေအနေကတော့တရုတ်ကလည်း အဝယ်လိုက်နေတဲ့အတွက်ဈေးတက်လာတယ်။ အသစ်ထွက်နေချိန်မှာဈေးလေးရတော့စိုက်သူတွေအတွက်မဆိုးဘူးလို့ပြောရမယ်။ မနှစ်ကဆိုဒီအချိန်စမုံနက်နှမ်းတစ်အိတ်ကိုသုံးသိန်းပဲရတယ်"ဟုမန္တလေးမြို့မှ ပဲနှမ်းကုန်သည်ဦးကြည်ဝင်းက ပြောသည်။
ပြီးခဲ့သည့်နှစ်ကာလတူက အရည်အသွေးကောင်းမွန်သည့် စမုံနှမ်းနက်တစ်အိတ်လျင်ကျပ်သုံးသိန်းအထိသာ ဈေးနှုန်းရရှိပြီး လက်ရှိတွင် ကျပ် ၃၈၅၀၀၀ အထိဈေးနှုန်းရရှိနေကြောင်း သိရသည်။
လတ်တလောတွင် ၄၅ ပိသာဝင်နှမ်းနက်စမုံတစ်အိတ်လျှင်အရည်အသွေးအလိုက်ကျပ်၂၉၀,၀၀၀ မှ ၃၆၅,၀၀၀ကျပ်၊ နှမ်းဖြူတစ်အိတ်လျှင် အရည်အသွေးအလိုက်ကျပ် ၃၈၅,၀၀၀ မှ ၃၉၀,၀၀၀ကျပ်၊ နှမ်းညိုတစ်အိတ်လျှင် အရည်အသွေးအလိုက်ကျပ်၂၈၅,၀၀၀ မှ ၂၉၀,၀၀၀ကျပ်၊ နှမ်းနီတစ်အိတ်လျှင် အရည်အသွေးအလိုက်ကျပ် ၃၁၅,၀၀၀မှ၃၂၀,၀၀၀ကျပ်၊ ပန်းနှမ်းတစ်အိတ်လျှင်အရည်အသွေးအလိုက်ကျပ်၁၉၅,၀၀၀ မှ၂၀၀,၀၀၀ ကျပ် အထိဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့်စစ်ကိုင်းတိုင်း မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ နှမ်းကိုအဓိကစိုက်ပျိုးပြီး သက်လျှင်သက်လတ်နှင့်သက်ကြီးမျိုးများအဖြစ်စိုက်ပျိုးလေ့ရှိကာ သက်တမ်းအားဖြင့်ရက် ၆၀ မှ ၁၅၀ ရက်အထိရှိကြောင်း သိရသည်။
နှမ်းလျင်ကိုမိုးကြို စိုက်အဖြစ်ဖေဖော်ဝါရီလမှမတ်လအတွင်းစိုက်ပျိုးလေ့ရှိပြီးမိုးစိုက်အဖြစ်မေနှင့်ဇွန်လများ၌ စိုက်ပျိုးလေ့ရှိကာ လယ်သီးထပ်အဖြစ် အော
က်တိုဘာနှင့် နိုဝင်ဘာလများ၌စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
နှမ်းသည် မျိုး၊ မြေ၊ စိုက်နည်းစနစ်၊ သွင်းအားစု၊ ပြုစုနိုင်မှုအပေါ် မူတည်၍ တစ်ဧကလျှင်(၃တင်းမှတင်း၂၀)အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။
#Local_News #နှမ်းအသစ်များဈေးကွက် #အဝယ်သွက်၍ဈေးကောင်းရနေ #YMG/NN
‘အယ်နီညိုသက်ရောက်မှုတွေရှိနေတဲ့အတွက် အီကွေတာနဲ့နီးတဲ့မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသတွေမှာ အခြားဒေသတွေထက်အအေးပေါ့ပြီး ပူနိုင်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Published_ 14 October 2023
#Local_News
# ‘အယ်နီညိုသက်ရောက်မှု #အီကွေတာနဲ့နီး
#tthl #Yangon_Times
'ကော်ဖီပင်ပင်စည်ဖောက်ပိုးက ဒီနှစ်ပြင်ဦးလွင်မှာပဲဖြစ်တယ်။ပျမ်းမျှ ၂၀က ကနေ ၂၅ ရာခိုင်နှုန်းအထိအကြမ်းဖျင်းပြောလိုရတယ်။ ရွာငံတခြားနေရာတို့တော့မများဘူး'မြန်မာနိုင်ငံကော်ဖီ အသင်းဒုတိယဥက္ကဌဦးမင်းလှိုင်
Published_ 14 October 2023
#Local_News
#ပြင်ဦးလွင် #ကော်ဖီပင်ပင်စည်ဖောက်ပိုး
#Yangon_Times/NN
‘သင်္ဘောသားတွေအပါအဝင် ပြည်ပမှာပုံမှန်လစာရရှိသူတွေ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ၂သိန်းနှင့် အထက်လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်တစ်စီး နှုန်းတင်သွင်းခွင့် ပြုတယ်။
ဒေါ်လာ၅သောင်းနှင့်အထက် လွှဲပို့ပါကလွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းတန်ဖိုးနဲ့ ညီမျှတဲ့လျှပ်စစ်သုံး မော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းခွင့်ပြုမှာဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်း တင်သွင်းဖို့ ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်းပြီး တင်သွင်းမှုကိုလည်းခွင့်ပြုသွားမယ်’ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
Published_ 14 October 2023
#Local_News
#ငွေလွှဲသည့်သင်္ဘောသား # EVကားတင်သွင်းခွင့်ပေး
#tthl #Yangon_Times
#Local_News
Published_ 14 October 2023
မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင် ခြောက်လတာအတွင်းကနဒေါ်လာ ၇၃၀ သန်းကျော် တန်ဖိုးရှိ ပဲမျိုးစုံ တန်ချိန် ကိုးသိန်းခန့်တင်ပို့ထားပြီး မတ်ပဲကို အဓိကတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှအောက်တိုဘာ ၆ ရက်နေ့ထိခြောက်လတာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ(၆၂၂)သန်းကျော်တန်ဖိုးရှိ ပဲမျိုးစုံ(၇၅၃၀၀၀)တန်ကျော်၊ နယ်စပ်မှကန်ဒေါ်လာ(၁၁၂)သန်းကျော် တန်ဖိုးရှိပဲမျိုးစုံ၊(၁၃၀၀၀၀) တန်ကျော်၊ စုစုပေါင်း ကန်ဒေါ်လာ (၇၃၄)သန်းကျော်တန်ဖိုးရှိ ပဲမျိုးစုံ တန်ချိန်(၈၈၄၀၀၀) တန်ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့တင်ပို့ရာတွင် ကန်ဒေါ်လာ၃၅၂သန်းကျော်တန်ဖိုးရှိ မတ်ပဲတန်ချိန် ၃၉၆၀၀၀ ကျော်နှင့် အများဆုံး၊ ကန်ဒေါ်လာ ၁၆၃ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၂၄၂၀၀၀ ကျော်နှင့် ဒုတိယအများဆုံး၊ ကန်ဒေါ်လာ ၉၅သန်းကျော်တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၀၈၀၀၀ ကျော်ဖြင့် တတိယအများဆုံး တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
ပြည်တွင်းမှထွက်ရှိသည့် မတ်ပဲကိုအဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့တင်ပို့နေခြင်းဖြစ်ပြီးအဓိကအားဖြင့် ပဲမျိုးစုံ၌နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနိုင်သည့် ပို့ကုန်အမယ်တစ်မျိုးဖြစ်သည်။
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည်ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့်အခြားပဲများလည်း စိုက်ပျိုးကြပြီး မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည်လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ စုစုပေါင်းကန်ဒေါ်လာ(၁၄၇၀) သန်းကျော်တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန်(၁၉၁၉၀၀၀) တန် ကျော်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#Local_News #ပဲမျိုးစုံတန်ချိန် #ကန်ဒေါ်လာ၇၃၀သန်းကျော် #YMG/NN
#Local_News
Published-14 October 2023
ငမိုးရိပ်ရေလှောင်တမံ၏ ယခုလက်ရှိ ရေအမြင့်မှာ ရေလှောင်တမံပေါ်သို့ ရေကျော်နိုင်သည့်အခြေအနေလုံးဝ မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေ ဖြစ်၍ အများပြည်သူ စိတ်ပူပန်နေရသည့် အနေအထားမရှိကြောင်း ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေဖြစ်ပြီး ရေလှောင်တမံတွင် ရေဖောက်ချရမည့် နေရာ၊ အဆောက်အအုံမပါရှိခြင်း၊ ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်းမရှိခြင်း၊ ဆောင်ရွက်ရန်လည်းမရှိခြင်းတို့ကြောင့် ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေထပ်မံမြင့်တက်လာရန်လည်း မရှိကြောင်း အဆိုပါ ဌာနက ရှင်းလင်းထားသည်။
ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်(၁) ခု၊ ရေပိုလွှဲ (၁) ခုနှင့် အကူရေပိုလွှဲ (၁) ခု သာပါရှိပါကာ အခြားရေဖောက်ချ၍ရသည့် နေရာမရှိသော တမံအမျိုးအစားဖြစ်ကြောင်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကစ၍ ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာဏထက်ရေဝင်ရောက်မှုဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်းအတွင်းသို့ ပြန်လည်စီးဆင်းခဲ့ကြောင်း၊ ထိုသို့ ပုံမှန်ရေကျော်စီးဆင်းနေခဲ့ရာမှ အောက်တိုဘာလ ၆ ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ရေလှောင်တမံ၏ အောက်ဘက် ဧရိယာများတွင် မိုးများရက်ဆက်ရွာသွန်းခဲ့ရာ စုစုပေါင်းမိုးရေချိန် (၁၄ ဒသမ ၉၀) လက်မအထိ ထူးကဲစွာရွာသွန်းခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲတွင် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိရာ အောက်တိုဘာလ ၈ ရက် ညနေပိုင်းတွင် (၆ ဒသမ ၁) ပေအထိ အမြင့်ဆုံးရောက်ကာ ရေကျော်စီးဆင်းခဲ့ကာ ယင်းရေများမှာ မူလ ငမိုး ရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများရက်ဆက် ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်းရေများ စုပေါင်းစီးဝင်လာခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ဇူလိုင်လ ၇ ရက်က ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲမှ (၆ ဒသမ ၁၅) ပေ ကျော်လွန် စီးဆင်းခဲ့ဖူးကာလက်ရှိ အောက်တိုဘာလ ၁၃ ရက် ယမန်နေ့တွင် ရေပိုလွှဲမှ (၄ ဒသမ ၇၅) ပေသာ ကျော်လွန်စီး ဆင်းလျှက်ရှိပြီး ရေအမှတ်များ ဆက်တိုက်လျော့ကျလာလျက်ရှိကြောင်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်(EPP- Emergency Preparedness Plan) ပါအတိုင်း ရေပိုလွှဲမှ ရေစတင်စီးဆင်းသည့် အချိန်မှစ၍ တမံအောက်ဘက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများသို့ စိုးရိမ်မှုမရှိစေရေး အသိပေးအကြောင်းကြား ထားရှိပြီး တမံအောက်ဘက်ရှိဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် EPP ပါ စီမံချက်အတိုင်း စီမံဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တည်ရှိပြီး တမံအမြင့်(၇၅) ပေ၊ အလျား (၁၅၅၀၀) ပေ၊ ရေလှောင်ပမာဏ (၁၈၀၀၀၀) ဧကပေ၊ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကို စိုက်ပျိုး ရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ်ရေဂါလန် (၁၃၀) သန်း ပေးဝေလျက်ရှိသောတမံဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ငမိုးရိပ်ရေလှောင်တမံ #ချောင်းရေထပ်မံမြင့်တက်ရန်မရှိ
#Yangon_Times/PP
#Local_News
Published_ 14 October 2023
အထည်ချုပ်ကဏ္ဍမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော် (၄၃၁၆ ဒသမ ၈၉ သန်း)ရရှိထားပြီးယခင်နှစ် ပို့ကုန်တန်ဖိုးထက် ပိုမိုတိုးတက်လာကြောင်း သိရပါတယ်။
အလုပ်သမားဝန်ကြီး ဦးမြင့်နောင်သည် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အကြားတွင် အထည်ချုပ်စက်ရုံ ၁၃၀ ကျော်ကို ဈေးကွက်သစ်ရှာဖွေခဲ့ကြောင်း၊ ဂျပန်နှင့် ကိုရီးယားသည် မြန်မာအထည်ချုပ်ကို ဝယ်ယူသည့် အဓိကနိုင်ငံများဖြစ်လာကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်မှ အမှာစာ ၃၇ ဒသမ ၅ ရာခိုင်နှုန်း၊ ကိုရီးယားမှ ၂၅ ဒသမ ၃ ရာခိုင်နှုန်း လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တစ်ရှိန်ထိုးတိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးခဲ့ပြီး၊ လက်ရှိ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံ ရှိတယ်လို့ ဝန်ကြီးကဆိုပါတယ်။
နေပြည်တော်၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ အထည်ချုပ်စက်ရုံပေါင်း ၅၃ ရုံအား NSSA အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အသိအမှတ်ပြုတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ထို့နောက် အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ စက်မှုကုန်ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းထွန်းနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #အထည်ချုပ်ကဏ္ဍ #အမေရိကန်ဒေါ်လာ၄ဘီလီယံ #ymg_mnn #Yangon_Media_Group
Page 697 of 1896