#Local_News
Published 17 February 2024
ချင်းပြည်နယ် ဖလမ်းမြို့အနီး အင်အား ၄ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၂၅) မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
မြေငလျင်စခန်းမှ တိုင်းတာချက်အရ ဟားခါးမြေငလျင်စခန်းမှ မြောက်ဘက် (၂၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၅) ဒီဂရီ၊ အနက် (၉၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား သည်ဟု တိုင်းထွာရရှိကြောင်း ထုတ်ပြန်ထားသည်။
#Local_News #အင်အား၄ဒသမ၆အဆင့် #မြေငလျင်လှုပ်ခတ် #YMG/LW #Yangon_Times
#Local_News
Published-17 February 2024
မန္တလေးနှင့် မကွေးတိုင်းဒေသကြီးရှိ လူဦးရေ ၁၂၀၀၀ ကျော်အတွက် သောက်သုံးရေသိုလှောင်ပမာဏ ဂါလံ(၆၂) သန်းကျော် သိုလှောင်ထားကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေအရင်းအမြစ်ဌာနမှ သိရသည်။
အဆိုပါဒေသများသည် မိုးနည်းရေရှားဒေသကြီးများဖြစ်သောကြောင့် လာမည့်နွေရာသီတွင်အယ်လ်နီညိုဖြစ်စဉ် ကြိုတင်ကာကွယ်ရေးအတွက် သိုလှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သိုလှောင်ထားရာတွင် မန္တလေးတိုင်းဒေသကြီးတွင် ရေကန် (၇) ကန် ရေသိုလှောင်ထားနိုင်သည့်ပမာဏ ဂါလံ ၄၆ ဒသမ ၆၃ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ရေကန် (၁၁) ကန် ရေသိုလှောင်ထားနိုင်သည့်ပမာဏ ဂါလံ ၁၅ ဒသမ ၅၆ သန်းကို ဖော်ဆောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင်မိုးနည်းရေရှားဒေသကြီးများဖြစ်သည့် မန္တလေးနှင့်မကွေးတိုင်းများ၌ လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း လူဦးရေ ၆၀၀ နီးပါးအတွက် ရေကန်များဖော်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
#Local_News #သောက်သုံးရေသိုလှောင် #YMG/NN #Yangon-Times
#Local_News
Published_ 17 February 2024
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)နာယကကြီးဖြစ်သော ရုပ်သေး၊ ရုပ်စုံပညာရှင်ကြီး ဦးစိန်ထွန်းကြည်ဖေဖော်ဝါရီလ(၁၆)ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သိရသည်။
ဆရာကြီးသည်ကွယ်လွန်ချိန်တွင် အသက် (၈၆) နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ၏ ရုပ်သေးပညာရှင်ကြီး ဦးစိန်ထွန်းကြည်ဘဝတပါးသို့ ပြောင်းသွားကွယ်လွန်ကြောင်း ကြားသိရပါ၍ အစားထိုးမရသည့် ဆုံးရှုံးမှုအဖြစ်အထူးဝမ်းနည်းကြေကွဲရကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ထုတ်ပြန်ထားသည်။
"ရုပ်သေးဆရာကြီး ဦးစိန်ထွန်းကြည်ကွယ်လွန် သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဆရာကြီးဟာမြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ရဲ့နာယက တစ်ဦးဖြစ်သလို ဆရာကြီးက ဆိုကရေးတီးပြိုင်ပွဲကြီးမှာ အကဲဖြတ်အဖြစ်ဆောင်ရွက်ပေးခဲ့တယ်။
နေပြည်တော်မှာ ဆိုကရေးတီးအတွက်ဆောင်ရွက်ပေးစဉ်က ဆရာကြီးအတွက် အစည်းအရုံးကရော နိုင်ငံတော်ကပါ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်။ သူနာမကျန်းဖြစ်ချိန်မှာရော ကွယ်လွန်ချိန်မှာပါ အစည်းအရုံးက ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ ဆရာကြီးဟာ မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)ရဲ့နာယက တစ်ဦးဖြစ်လို့ အစည်းအရုံးအနေနဲ့ သူ့အတွက်နောက်ဆုံး အခမ်းအနားလေးဆောင်ရွက်ပြီး စောင့်ရှောက်ပေးသွားမှာဖြစ်တယ်"ဟု YMG ကို ပြောသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)နာယကကြီး ရုပ်စုံပညာရှင်ဦးစိန်ထွန်းကြည်၏ နာရေးအတွက် အလှူငွေ (၅၀၀,၀၀၀)ကျပ်တိတိကို ကျန်ရစ်သူမိသားစုထံထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာ့ရုပ်သေး #ဦးစိန်ထွန်းကြည်ကွယ်လွန် #tthl #Yangon_Times
#Local_News
Published 17 February 2024
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသဖြင့် နှစ်အရက်အတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အယောက် ၅၀ခန့်ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများထံက သိရသည်။
တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၅၀ ဦးကို ကန်ချနဘူရီခရိုင်၊ရနောင်းခရိုင်နှင့် ဖိုးဖမြို့နယ်တို့၌ ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၈ နာရီအချိန်ခန့်က ထိုင်းအာဏာပိုင်များသည် စံခလဘူရီမြို့အတွင်းသို့ တရားမဝင် မြန်မာအလုပ်သမားများအား ပစ်ကပ်ကား (၅) စီးဖြင့် တင်ဆောင်လာကြောင်း သတင်းအရ မြို့အဝင်/အထွက် နေရာ ၆ ခုတွင် ဂိတ်ချစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးစဥ် စစ်ဆေးရေးဂိတ်တစ်ခုသို့ ပစ်ကပ်ကား (၅)စီး ဝင်ရောက်လာသဖြင့် စစ်ဆေးတားဆီးရာ ကား (၃) စီးမှာ မောင်းနှင်ထွက်ပြေးသွားခဲ့၍ ကျန်ကား (၂) စီးကို စစ်ဆေးရာတွင် ယာဉ်မောင်း(၂)ဦးနှင့်အတူ ထိုင်းနိုင်ငံ ၌ အလုပ်လုပ်ကိုင်ရန် ဘုရားသုံးဆူဘက်မှတဆင့် တရာမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦးနှင့်၊ အမျိုးသမီး ၃ ဦးတို့ကို တွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်တွင် တာဝန်ကျနေသော လုံခြုံရေးအဖွဲ့ဝင်များ သည် ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီအချိန်ခန့်က ကင်းလှည့်နေစဉ် ဖိုးဖမြို့နယ်၊ ခီလီလတ်ကျေးရွာအနီးရှိ ငှက်ပျောတောအတွင်း ပုန်းအောင်းနေသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့အား တွေ့ရှိရသဖြင့် ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ ဖမ်းဆီးရမိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်မြို့မှတစ်ဆင့် သောင်ရင်းမြစ်အား ဖြတ်ကူး၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖိုးဖရဲစခန်းသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရနောင်းအခြေစိုက်၊ အမှတ် (၂၅) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ရနောင်းခရိုင်၊ စွတ်ဆန်လန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ ဆိုင်ကယ် (၄) စီးကို တွေ့ရှိခဲ့သဖြင့် တားစီးစစ်ဆေးခဲ့ရာ ဆိုင်ကယ်(၄)စီးပေါ်တွင် စွတ်ဆန်လန်မြို့နယ်၊ နာခါကျေးရွာရှိ ပါဒဲ့လှေဆိပ်မှတဆင့် ဖန်ငါခရိုင်၊ ခုလဘူရီမြို့သို့သွားရောက်မည့် တရားဝင် အထောက်အထားစာရွက်စာတမ်းမပါရှိသော မြန်မာနိုင်ငံသား ၆ ဦးကို တွေ့ရရှိသဖြင့် ဆိုင်ကယ်မောင်းနှင်သူများနှင့် မြန်မာနိုင်ငံသားမျးအား စွတ်ဆန်လန်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား(၅၀)ဦးအား သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှ တရားမဝင်ဝင်ရောက်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#Local_News #နှစ်ရက်အတွင်း ဖမ်းဆီးခံရ #မြန်မာနိုင်ငံသား ၅၀ဦးခန့်ရှိ #YMG/LW #Yangon_Times
#Local_News
Published-17 February 2024
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ လုပ်သား ၉၃၇ ဦး ခေါ်ယူမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၀၂ ခုမှ အလုပ်သမားကျား၊မ စုစုပေါင်း ၉၃၇ ဦးကိုခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများနွင် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#Local_News #ဂျပန်ခေါ်ယူ #မြန်မာအလုပ်သမား #YMG/NN #Yangon_Times
#Local_News
Published_ 17 February 2024
၂ဝ၂၄ ခုနှစ်၊ ရွှေနဂါးနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် တရုတ် - မြန်မာချစ်ကြည်ရေး ဖိတ်ခေါ်စားပွဲတင် တင်းနစ်ပြိုင်ပွဲကျင်းပခဲ့ပြီး ဆုရရှိသည့် အားကစားသမား(၁၆) ဦးကိုဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဖေဖော်ဝါရီ (၁၅)ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ကစားနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရုတ်မြန်မာ ဗုဒ္ဓဘာသာချစ်ကြည်ရေး နှီးနှောဖလှယ်ရေးအဖွဲ့ နာယက ဒေါ်နီနီ၊ တရုတ်မြန်မာချစ်ကြည်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရူ အားပေးကြသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာပွဲစဥ်အလိုက် ဆုရရှိသည့် အားကစားသမားများအား နာယက ဒေါ်နီနီ၊ ဥက္ကဌ ဦးတင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုရရှိသည့် ပထမ၊ဒုတိယ၊တတိယ(ပူးတွဲ)၊ကွာတားအဆင့် အားကစားသမားစုစုပေါင်း(၁၆) ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူး #တရုတ်-မြန်မာချစ်ကြည်ရေး #စားပွဲတင်တင်းနစ်ပြိုင်ပွဲ #tthl #Yangon_Times
#World_Health
Published 17 February 2024
ခံတွင်းကျန်းမာရေးဟာ လူတွေလစ်လျူရှုတတ်ကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။
သွားကိုက်သွားနာခြင်းကြောင့် နေ့စဥ်လှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။
ပါးစပ်မှာ ရောဂါပိုးဝင်ရောက်ခြင်းကနေ ဦးနှောက်နဲ့ သွေးကြောစနစ်တွေထဲ ဝင်ရောက်သွားနိုင်ပါတယ်။
သွားကိုက်ရခြင်း အဓိကအကြောင်းအရင်းက သွားပိုးစားခြင်း၊ ကြွေလွှာပျက်စီးခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
မာကြောတဲ့အစာတွေကို ကိုက်မိတဲ့အခါ သွားကိုက်ခြင်းဝေဒနာ ခံစားရတတ်ပြီး ထိခိုက်တတ်တဲ့ အားကစားတွေကနေ ကာကွယ်နိုင်ရန် ပါးစပ်အကာအကွယ် တပ်ဆင်သင့်ပါတယ်။
သွားနားတဝိုက်မှ တစ်ရှူးတွေ ရောဂါပိုးကူးစက်ပြီး သွားဖုံးရောဂါဖြစ်ပွားတတ်ကာ ပုံမှန်သွားတိုက် သန့်ရှင်းရေးလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အံကြိတ်ရာကနေလည်း သွားကိုက်ခြင်း ဖြစ်ပေါ်စေနိုင်ကာ မေးရိုးနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
သွားကိုက်ခြင်းကို သက်သာစေနိုင်မယ့် နည်းလမ်းတွေကတော့..
အထိရောက်အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ ခံတွင်းကိုဆားရေဖြင့် ဆေးခြင်းပါပဲ။
နာကျင်မှုကို သက်သာစေနိုင်မယ့် ဆေးဝါးတွေကတော့ အက်ဆီတာမီနိုဖန်၊ အိုင်ဗျူပရိုဖန်တို့ ရှိပါတယ်။
နာကျင်ကိုက်ခဲတဲ့နေရာကို လိမ်းလို့ရတဲ့ ဆေးတွေလည်း ရှိပါတယ်။
ရေခဲကပ်ခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတို့ကို သက်သာစေပါတယ်။
ဒါ့အပြင် နှစ်စဥ်နှစ်တိုင်း ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြသစစ်ဆေးသင့်ပါတယ်။
#World_Health #သွားကိုက်သွားနာခြင်း #သက်သာစေမည့်နည်းလမ်းများ #Source: India Today
Page 488 of 1924