#Local_News
Published 3 March 2024
တက္ကသိုလ်ဝင် စာမေးပွဲကို ရောက်ရှိဒေသမှဖြေဆိုလိုပါက ဖြေဆိုခွင့်မဆုံးရှုံးရအောင်လုပ်နိုင်ကြောင်းပညာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ပညာရေးနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့်သူများအနက်မှ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ ပြောင်းရွှေ့နေထိုင်ကြရသူများ အနေဖြင့် မိမိတို့ ရောက်ရှိနေသည့် ဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောကြားခြင်းဖြစ်သည်။
မတ်လ (၁) ရက်က တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် မတ် (၁၁) ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးက ပြောသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ / ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက် မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လ (၁၇) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည့်ရက်အလိုက် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News #တက္ကသိုလ်ဝင်စာမေးပွဲ #ဖြေဆိုခွင့်မဆုံးရှုံးရအောင်လုပ်နိုင် #YMG/LW #Yangon_Times
#Local_News
Published 3 March 2024
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ တိုးဂိတ်များအနေဖြင့် လမ်းအသုံးပြုခကောက်ခရောက်ခံရာ၌ CCTV နှင့် Computer စနစ်ဖြင့်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ပြောကြားခဲ့သည်။
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ တိုးဂိတ်များအား သွားရောက်စစ်ဆေးစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
လမ်းအသုံးပြုခကောက်ခံရရှိငွေ အပြည့်အဝရရှိရေး၊ နိုင်ငံတော် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ငွေကြေးမသမာမှုမဖြစ်စေရေး၊ CCTV နှင့် Computer စနစ်ဖြင့် ဆောင်ရွက်ပြီး လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးပြီး စာရင်းများ မှန်ကန်စွာတင်ပြနိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့်အမြန်လမ်းမကြီး အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ထို့အပြင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်- မန္တလေးလမ်းပိုင်း)ရှိ ပန်းတင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှု၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်းတံတားအဝင်အထွက် ကွန်ကရစ်လမ်း နှစ်လမ်းသွားမှ လေးလမ်းသွားချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည့်အပြင် ပေပင်လေးတိုးဂိတ်၊ သီးကုန်းတိုးဂိတ်တို့၌ လမ်းအသုံးပြုခကောက်ခံနေမှု၊ သီးကုန်းယာဉ်ရပ်နားကွင်းအတွင်းရှိ EV Charging Station အသုံးပြု ဆောင်ရွက်နေမှု၊ ကံကောင်းတိုးဂိတ်၊ ပြင်စည်တိုးဂိတ်၊ စကားအင်းတိုးဂိတ်တို့၏ လမ်းအသုံးပြုခကောက်ခံနေမှု၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ EV Charging Station ဆောင်ရွက်ပြီးစီးမှုနှင့် တံခွန်တိုင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုများကိုလည်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
#Local_News #အမြန်လမ်း အသုံးပြုခကောက်ခံမှု #YMG/LW #Yangon_Times
#Local_News
Published 29 February 2024
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမားများကို တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်စေရန် အတွက် အလုပ်သမား ဝန်ကြီးဌာနမှ မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံ လက်မှတ် (CI) များကို စခန်းများ ဖွင့်လှစ်ပြီး လုပ်ဆောင် ပေးလျက်ရှိရာ ပွဲစားများနှင့် ဆောင်ရွက်ခြင်း မပြုဘဲ လုပ်ဆောင်မည့်သူကိုယ်တိုင် လာရောက်လုပ်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
အဆိုပါ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ထုတ်ပေးမည့် စခန်း (၅) ခုကို ထိုင်းနိုင်ငံ၊ ပထုန်ဌာနီ၊ စမုပရာကန်၊ စမုစခွန်၊ ချွန်ဘူရီနှင့် ဆူရတ်ဌာနီပြည်နယ်များတွင်ဖွင့်လှစ် လုပ်ဆောင်ပေးနေကြောင်းသိရသည်။
ထို့ပြင် Mobile Unit (၃) ခုကို ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာပြည်နယ်များတွင်လည်းကောင်း ၂၃-၂-၂၀၂၄ ရက်နေ့မှ စတင်၍ ၃၁-၁၀-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ CI ပြုလုပ်နိုင်မည့် ရက်၊အချိန်များ၊ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းအမှတ်များကိုလည်း ဖော်ပြထားပြီးဖြစ်ကြောင်း နှင့်သတ်မှတ်နှုန်းထားထက်ပိုမိုကုန်ကျမှုမရှိစေရေးအတွက် ပွဲစားများဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
#Local_News #အလုပ်သမားဝန်ကြီးဌာနအသိပေး #ပွဲစားဖြင့်ဆောင်ရွက်ခြင်းမပြုဘဲ #YMG/LW #Yangon_Times
#Local_News
Published 3 March 2024
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ရွှေပိတောက် ငါးဈေးကြီး သို့တစ်ရက်လျှင် ရေချို/ရေငန် ရေထွက်ကုန်တန်ချိန် လေးသိန်းကျော်ဝင်ရောက်ဖြန့်ချီလက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၏ထုတ်ပြန်မှုအရသိရသည်။
ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်၊ ဧရာဝတီနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ ရေချိုငါး/ပုစွန်များ ဝင်ရောက်သည့် နည်းတူ ပင်လယ်ပြင်မှ ရေငန်ထွက်ကုန် များလည်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီမှ ဧပြီလအထိ မွေးမြူရေးကန်အများစု ကန်ဖော်ချိန်ဖြစ်၍ ငါးဈေးသို့ ရေချိုထွက်ကုန် အများဆုံးဝင်ရောက်သောကာလ ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ပစ္စည်းများ လှိုင်လှိုင်ပို့ဆောင်နေသော အချိန်ကာလလည်းဖြစ်သည်။
ရေချိုထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးမုတ်၊ ငါးကျည်း၊ ငါးမွေထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးပနော် အပါအဝင် မွေးမြူရေးနှင့် သဘာဝရေထွက်ကုန် အမျိုးအစား ၃၀ ကျော်နှင့် ရေငန် ထွက်ကုန်ဖြစ်သော ရွှေငါး၊ ငါးကျီးကန်း၊ မျက်ကျယ်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်အပါအဝင် ရေငန်အမျိုး အစား ၁၀၀ ခန့် ဝင်ရောက်လျက်ရှိရာ အချို့ရေချို/ရေငန်ထွက်ကုန်များအား စက်ရုံများနှင့် အအေးခန်းများသို့လည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်းသိရသည်။
ရွှေပိတောက်ငါးဈေးတွင် ဈေးရုံ ရှစ်ရုံ၊ ဆိုင်ခန်း ပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်း ၁၈၀ ကျော်ရှိပြီး ဈေးရုံ ရှစ်ရုံတွင် ဂါလန် ၁၀၀၀ ဆံ့ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးပြီး ငါးဒိုင်များသန့်ရှင်းရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယခင်ကထက် ငါးဈေး ကြီးအတွင်း သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက်နိုင် ပြီး ဈေးသာယာလှပရေး၊ သန့်ရှင်းရေးနှင့် လုံခြုံရေး ကဏ္ဍတို့တွင်လည်း ဈေးသူ ဈေးသားများနှင့် တာဝန် ရှိအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#Local_News #ရေထွက်ကုန်တန်ချိန်လေးသိန်းကျော်ဝင်ရောက် #YMG/LW #Yangon_Times
၁၁လအတွင်း ပြည်ပနိုင်ငံတွေကိုကန်ဒေါ်လာ ၇၁၂ ဒသမ ၄၈၇ သန်းတန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန် ၁ ဒသမ ၄၂၉ သန်းတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ ဆန်နဲ့ ဆန်ကွဲ တင်ပို့တာကနေ ဒေါ်လာ ၁၃၉ သန်းနဲ့ ပို့ကုန်ဝင်ငွေစံချိန်တင်ရရှိထားတာပါ။
#Local_News
Published_ 3 March 2024
#ဆန်နှင့်ဆန်ကွဲတင်ပို့မှု #ပို့ကုန်ဝင်ငွေစံချိန်တင်ရရှိ
#YMG/NN #Yangon_Times
#Daily_News
Published_ 2 March 2024
၁။ လက်မှုပစ္စည်းရောင်းချလိုသူများ မြန်မာ့လက်မှုအနုပညာစင်တာ၌ ဆိုင်ခန်းများ ငှားရမ်းနိုင်
၂။ ဈေးကွက်အတွင်း ကုန်အဝင်နည်းနေသော်လည်း အားလူးဈေးကျဆင်းနေ
၃။ ကြမ်းခင်းဈေးကောင်းသော်လည်း သယ်ယူစရိတ်ကြောင့် ကြံစိုက်တောင်သူ ၇၀ ရာခိုင်နှုန်းခန့်တွက်ခြေကိုက်မှုနည်းပါး
၄။ လက်ဘနွန်နှင့်နယ်စပ်ထိစပ်နေသော အစ္စရေးလ်မြောက်ပိုင်းမြို့စစ်ဘေးပဋိပက္ခဒဏ်ခံစားနေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Publicshed 2 March 2024
ခေတ်မီနည်းစနစ်များသုံးပြီးစက် မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့ မတ်လ (၂) ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်က ပေးပို့သည့်သဝဏ်လွှာတွင်ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ စီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် စီးပွားရေးဦးတည်ချက် (၃) ရပ် ချမှတ်၍ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊
တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအရေးပါသည့် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ခေတ်မီနည်းစနစ်များသုံးပြီးစက် မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ဓာတ်မြေ ဩဇာနှင့် သဘာဝမြေဩဇာ ပေါင်းစပ်ထုတ်လုပ်သုံးစွဲနိုင်ရေး ပညာပေးခြင်း၊ သဘာဝမြေဩဇာများ ဒေသအလိုက် နည်းပညာဖြန့်ဝေပေးခြင်း၊ သွင်းအားစုဈေးနှုန်းများ သက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ သီးနှံပျက်စီး ဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။
ထို့အပြင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများအနက်မှ အဓိကသီးနှံများဖြစ်သော စပါး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ပဲမျိုးစုံ၊ ပြောင်းစသည့်သီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးသွားကြရန်လိုအပ်ကြောင်း၊မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးနှင့် သီးထပ်စိုက်ပျိုးမှုတို့ဖြင့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင် စွမ်းဆောင်နိုင်ရေးသည် လွန်စွာအရေးပါ၍ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်သတိပြုစေလိုကြောင်း၊လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ စိုက်ပျိုးထားသောသီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှုများရှိနေပြီးစားရေ ရိက္ခာ မလုံလောက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းအားကောင်း ရေးတို့ကို ကြိုတင်စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း၊နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများအားလုံးက ကောင်းမွန်သော အခြေခံစိတ်ဓာတ်ဖြင့်လုံ့လ၊ ဝီရိယ ပေါင်းစပ်၍ အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ် ဆောင်ပေးကြရန် တိုက်တွန်းကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။
၎င်းအပြင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယနေ့ထိ စပါးဧက (၁၇) သန်း၊ ပဲမျိုးစုံဧက (၁၀.၅၇) သန်း၊ ဆီထွက်သီးနှံဧက (၈.၂၄) သန်း၊ အစေ့ထုတ်ပြောင်းဧက (၁.၆) သန်းနှင့် ဝါသီးနှံဧက(၀.၅၂) သန်း စိုက်ပျိုးပြီးစီးခဲ့သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူလယ်သမားများအား ကျေးဇူးတင်ကြောင်းလည်း ထည့်သွင်းပြောကြားထားကြောင်း သိရသည်။
#Local_News #စက်မှုလယ်ယာစနစ် #ကူးပြောင်းနိုင်ရေး #YMG/NN #Yangon-Times
Page 417 of 1881