၂၀၂၄-၂၀၂၅ ခုနှစ် မက္ကဒေးမီးယားရာသီချိန်အတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ မက္ကဒေးမီးယားကုန်ချောဝယ်ယူဖို့ ဈေးကွက်သစ်နိုင်ငံအဖြစ်ရှရှားနိုင်ငံက ကမ်းလှမ်းထားပြီး ပင်လယ်ရေကြောင်းကနေ တင်ပို့သွားဖို့ မျှော်မှန်းထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published_ 27 May 2024
#မြန်မာ့မက္ကဒေးမီးယား #ဈေးကွက်သစ်နိုင်ငံအဖြစ်ရှရှားကမ်းလှမ်း
#YMG/ NN #Yangon_Times
ပြီးခဲ့တဲ့ ဆောင်းရာသီကာလက ဈေးကွက်အတွင်း ရာသီပေါ်သီးနှံတွေကုန်အဝင်များခဲ့ပြီး ဝယ်လိုအားမရှိတဲ့အတွက် ဈေးကျဆင်းခဲ့ကာ စိုက်ပျိုးတောင်သူတွေ အရှုံးပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုသို့တောင်သူတွေ အရှုံးပေါ်ခဲ့တဲ့အတွက် နောက်ထပ်ရာသီအတွက်ထပ်မံစိုက်ပျိုးတာ နည်းသွားတာကြောင့် လက်တလောမှာ ဈေးကွက် အတွင်းဟင်းသီးဟင်းရွက်များကုန်အဝင်နည်းလာပြီး ဈေးမြင့်လာတာဖြစ်တယ်လို့ သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 27 May 2024
#စိုက်ပျိုးသူနည်း #ကုန်စိမ်းများဈေးမြင့်တက်
#YMG/LW #Yangon_Times
‘‘မုတ်သုန်ဝင်ချိန်ရာသီဥတုစအေးလာချိန်မှာလည်း မိုးရေချိန်နည်းတဲ့ပုဂံဒေသကို လာရောက်လည်ပတ်တဲ့ နေ့ချင်းပြန်ဘုရားဖူးတွေ၊ ပြည်တွင်း၊ ပြည်ပခရီးသွားတွေတစ်ရက်ကို (၄၀၀၀)မှ (၅၀၀၀)ဦးကြားဝင်ရောက်နေတယ်’’
(ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံ)ရုံးခွဲမှ တာဝန်ခံ၊ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်)
#Local_News
Published_ 27 May 2024
#ပုဂံသို့လာရောက်လည်ပတ် #(ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံ)ရုံးခွဲ
#tthl #Yangon_Times
#Local_News
Published 27 May 2024
▪️ ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ထိခရုန်(င်)ရွာ စစ်ဆေးရေးဂိတ်နားတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၃၀ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များ၏ဖေါ်ပြချက်အရသိရသည်။
▪️ ယမန်နေ့ နံနက် ၆နာရီ ၁၅မိနစ်က ထိုင်းနိုင်ငံဒေသခံအာဏာပိုင်အဖွဲ့များ ပူးပေါင်းကာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၁၈ဦးနှင့် အမျိုးသမီး ၉ ဦး ကလေးငယ်အမျိုးသား ၃ဦးနှင့်အတူ ခေါ်ဆောင်လာသူ၂ဦးတို့ စီးနင်းလာသည့် ကုန်တင်ကားကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးမေးမြန်းချက်အရ မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံ ပဲခူးတိုင်း၊ မွန်ပြည်နယ် ၊ရန်ကုန် ၊ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့မှလာခြင်းဖြစ်ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အခြားမြို့တို့တွင် သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ လာရောက်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားခအဖြစ်တစ်ဦးလျှင် ဘတ် ၁၅၀၀၀မှ ၂၀၀၀၀ထိပေးရပြီး ငွေသားတချို့ကိုပေးချေးပြီးကြောင်း သိရှိရသည်။
▪️ ဖမ်းဆီးရမိသူများကို တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် စံခလဘူရီ ရဲစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 27 May 2024
▪️ ဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် နောက်(၂၄) နာရီအတွင်း ဒေသတော် တော်များများအထူးသဖြင့် ကချင်၊ရခိုင်၊ချင်းတို့၌မိုးကြီးပြီးလေပြင်းတိုက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
▪️ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
▪️ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟုဆိုသည်။
▪️ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။
▪️ သို့ဖြစ်ပါ၍ဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်) ” (REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထား ကြောင်း သိရသည်။
▪️ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၆) နာရီအတွင်း အား ကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်း ကောင်း တစ်ဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 27 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မွေးမြူရေးဇုန်မှ ကြက်ဥအပါအဝင်အသားများအား ရန်ကုန်မြို့ဈေးကွက်သို့ ရောင်းချပေးနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ မွေးမြူရေးဇုန်သည် တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အပိုင်း၁၊ အပိုင်း ၂ - ၁၊ အပိုင်း ၂ - ၂၊ အပိုင်း ၂ - ၃၊ အပိုင်း ၃ - ၁၊ အပိုင်း ၃ - ၂ တို့တွင် မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ ၆၃ ဦးရှိ ကြောင်းသိရသည်။
▪️ ယင်းမွေးမြူရေးဇုန်တွင် ဆိတ် ၃၀၆၂ ကောင်၊ ငါး ၅၅၀၀၀ ကောင်၊ နို့စားနွား ၂၂၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ အသားတိုးကြက် ၄၆၃၀၀၊ ဒေသကြက် ၂၀၀၀၀ ခန့်၊ ဥစားကြက် ၆၄၀၀ ကျော်၊ ကြက်မဲ အကောင်ရေ ၂၀၀ ကျော်၊ ဥစားဘဲ အကောင်ရေ ၄၀၀၀ ကျော်၊ အသားတိုးဘဲ အကောင်ရေ ၁၀၀၀ ကျော်၊ ဝက် ၃၁၁ ကောင်၊ ငုံး ၁၄၃၇၀ ကောင်မွေးမြူထားရှိပြီး ယနေ့ အချိန်အထိ ကြက်ဥ ၂၉၆၂၄၅ လုံး၊ ဘဲဥ ၂၇၀၅၆၁ လုံး၊ ငုံးဥ ၆၇၂၇၃ လုံး၊ နွားနို့ ပိဿာချိန် ၃၄၉၇၉၊ ကြက် ပိဿာချိန် ၁၁၈၄၆၃၊ ဘဲ ပိဿာချိန် ၉၅၇၀၊ ဆိတ်သား ပိဿာချိန် ၄၁၈၃ ၊ ဝက်သား ပိဿာချိန် ၇၅၅၃ ထွက်ရှိလျှက်ရှိရာ ယင်းမွေးမြူရေးဇုန်မှထွက်ရှိသည့် ကြက်သား၊ နွားနို့၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သားနှင့်အမဲသားများကို ရန်ကုန်မြို့ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published_ 27 May 2024
ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေး ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ဌာန၏ထုတ်ပြန်ချက်အရသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် သတ်မှတ်ထားသော မြို့ပြလူနေထိုင်ရာဧရိယာပြင်ပရှိ ယာမြေကွက်၊ မြေလွတ်မြေလပ်ကွက်များသည် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ထုတ်ပေးမရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များကို ဝယ်ယူ၍ အခြားနည်းအသုံးပြုလိုသူများ၊ လူနေအဆောက်အဦများ၊ သာသနိကအဆောက်အဦများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်လိုသူများ သည် လုပ်ငန်းဆောင်ရွက် ခွင့်မရနိုင်သောကြောင့် ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူကာယကံရှင် များ ငွေကြေးဆိုင်ရာ ဆုံးရှုံး နစ်နာမှုရှိနိုင်သည်ဟုဆိုသည်။
ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လယ်ယာ မြေအခြားနည်းသုံးစွဲခွင့်နှင့် ဂရန်ထုတ်ပေးခြင်းများနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသန နှင့် အမျိုသားပြ တိုက်ဦးစီးဌာန၌ (၈.၁၀.၂၀၂၀) ရက်နေ့ပြုလုပ်သည့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (BAGANCOM) ပဉ္စမအကြိမ်အစည်းအဝေးတွင် “ပုဂံယဉ်ကျေးမှု ဒေသအတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးခြင်း၊ လယ်ယာမြေအခြားနည်း သုံးစွဲခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ်ရန်နှင့် ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပုဂံဒေသဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင်(၅.၂)တွင် “ကမ္ဘာ့အမွေအနှစ်ဇုန် အတွင်းရှိ မြို့ပြဧရိယာများသည် အပြည့်အဝကာကွယ်ရန်လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည်။
အဆောက်အအုံမဆောက်ရသေးသည့် နေရာများသည် ယခုအတိုင်းထားရှိပြီး မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းကိုမျှ ဆောက်လုပ်ခွင့်မပြုပါ။ အမွေအနှစ် ဇုန် အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရပါမည်” ဟု ဖော်ပြပါရှိကြောင်း ဖော်ပြထားသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်တွင် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသအတွင်းတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ တည်ရှိရာဒေသ (property Area) (၁၂၃၄၂. ၂၉)ဧကနှင့် ကြားခံဒေသ(Buffer Area) (၄၄၃၄၆.၂၉)ဧက စုစုပေါင်း (၅၆၆၈၉.၂၁)ဧက အတွင်းတွင် ညောင်ဦးမြို့၊ ပုဂံမြို့စသည့် မြို့(၂)မြို့နှင့် ကျေးရွာပေါင်း (၄၁)ရွာ ပါဝင်ကြောင်း၊
ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်း ရှေးဟောင်းအဆောက် အအုံပေါင်း (၃၅၉၅)ဆူ၊ ကြားခံဒေသအတွင်း (၂၄၂)ဆူ စုစုပေါင်း (၃၈၃၇)ဆူ ပုဂံဌာနခွဲမှ ထိန်းသိမ်းထားကြောင်း၊
ထိုသို့ထိန်းသိမ်းခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်သည်နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုးစီ တိုင်း၏ အရည်အသွေး၊ တန်ဖိုး နှင့် ဂုဏ်သိက္ခာဖြစ်သဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့် သမိုင်းတန်ဖိုးကိုသိပြီး အမွေအနှစ်များကို တန်ဖိုးထားသတ်မှတ်မှသာလျှင် နိုင်ငံနှင့်လူမျိုးကို ပိုမို တန်ဖိုးထားချစ်မြတ်နိုးနိုင်မည်ဖြစ်၍ ရိုးရာယဉ်ကျေးမှုတန်ဖိုး ပျက်စီးပျောက်ကွယ်မသွားစေရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းရခြင်းဖြစ်ကြောင်းနှင့်
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများပြားကာ ၎င်းအဆောက်အအုံများနှင့် တွဲလျက်ရှိသော မြေယာရှုခင်း များနှင့် မြေယာထွန်ယက်စိုက်ပျိုးခြင်းဓလေ့သည်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည့် လှပသောအမွေအနှစ်ပင် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
#tthl #Yangon_Times
Page 274 of 1875